နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဘီးလင်း လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး တရာဆွဲခံထားရ

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဘီးလင်း လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး တရာဆွဲခံထားရ
by -
စိုင်းထွန်းစံ (MNA)

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ဦးဆောင်သည်ဟုဆိုကာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှ ရွေးကောက်ပွဲအနိုင်ရထားသည့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲထားကြောင်း သိရသည်။

 

လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှဖြစ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အမှုဖွင့်ထားခြင်းဖြစ်သည်။

 

ယင်းသို့ တရားစွဲခံရသည်လွှတ်တော်ကိုယ်စားလှယ်များသည် ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သိရီရတနာနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ် ဦးကျော်မျိုးမင်းတို့ဖြစ်ကြောင်း ၎င်းကိုယ်စာလှယ်နှစ်ဦး၏နေအိမ်ကို ဖေဖော်ဝါရီ ၂၅ ရက် ညနေတွင် ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနက တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန့်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိပေ။

 

ထို့ပြင် သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်သည် အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ဆန္ဒပြပွဲနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၃ နာရီတွင် မြို့နယ်ထွေအုပ်ရုံး၍ သွားရောက်တွေ့ဆုံစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

 

အလားတူ မွန်ပြည်နယ် လူဝင်မှုကြည့်ကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဌာနမှ ဝန်ကြီးဦးထွန်းမင်းအောင်ကို မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူရန် တရားရုံးတွင် ဦးတိုက် လျှောက်ထားကြောင်း သိရသည်။

 

၎င်းသည် ပြည်နယ်အစိုးရလက်အောက်ရှိ ဝန်းထမ်းများကို ဖေဖော်ဝါရီ ၁၁ ရက်မှစ၍ ပြည်သူ့အစိုးရဖွဲ့ချိန်အထိ ခွင့်ပေးကြောင်းနှင့် နစ်နာမှုရှိခဲ့သည့်ဝန်ထမ်းများကို ပြည်သူ့အစိုးရဖွဲ့စည်းပြီးချိန်တွင် ပြန်လည်ကုစားပေးမည်ဆိုသည့် ထုတ်ပြန်ချက်ကို ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုးထုတ်ပြန်ကြောညာခဲ့ခြင်းကြောင့် အရေးယူပေးရန် တရားရုံးသို့ ဦးတိုက်လျှောက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...