ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာအနီးတွင် တိုင်းရင်းသားလက်နက်ကိုင်ချင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားသဖြင့် စစ်ဘေးရှောင်အမျိုးသမီးများနှင့် ကလေးများကို နေရာရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
ယမန် (ဖေဖော်ဝါရီ ၂၄) ရက် ည ၈ နာရီခွဲဝန်းကျင်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် မန်စံကျေးရွာရှိ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျခဲ့ပြီး နေအိမ်ပျက်စီးခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်းလည်း မန်စံဒေသခံများ ပြောပြချက်အရ သိရသည်။
“ဘေးအကာတွေမရှိတဲ့ စစ်ရှောင်အမျိုးသမီးတွေ ကလေးတွေနေတဲ့နေရာကို မနေ့ညက ချက်ချင်းပြောင်းရွှေ့ပေးရတာတွေရှိတယ်။ လက်နက်ကြီး၊ ကျည်ကျရင် အုတ်အခံမရှိတော့ ချက်ချင်းထိနိုင်တယ်လေ။ ဒါကြောင့် မနေ့ညက သူတို့ကို ဘုန်းကြီးကျောင်းဆောင်ထဲ တန်းပို့လိုက်ရတယ်” လို့ စစ်ရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။
ထို့ပြင် နမ္မတူမြို့နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဖြစ်သည့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ပူးပေါင်းထားသည့်တပ်တို့ ယနေ့ (ဖေဖော်ဝါရီ ၂၅) ရက် မနက် ၁၀ နာရီခွဲခန့်မှစ၍ တိုက်ပွဲများဖြစ်ပွားနေပြီး အရပ်သားနေအိမ်ကို ကျည်ထိမှန်မှုများရှိကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာသည် မန်စံကျေးရွာနှင့် နီးနေသဖြင့် ဒေသခံနှင့် စစ်ဘေးရှောင်များ၏ လုံခြုံရေးလည်း စိုးရိမ်နေရကြောင်း ၎င်း အမျိုးသားက ပြောသည်။
“ဒီနေ့လည်း မန်စံရဲ့ အနီးပတ်ဝန်းကျင်တွေမှာ တိုက်ပွဲဖြစ်နေတယ်။ မနက် ၁၀ နာရီခွဲကနေ စဖြစ်တာပါ။ တိုက်ပွဲ ပြင်းထန်နေတယ်” ဟု မန်စံ ဒေသခံအမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိမှာ နမ္မတူမြို့နယ် မန်စံအတွင်းတွင် စစ်ရှောင် ၄၀၀ ကျော်ရှိပြီး၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပါက စစ်ရှောင်များနေထိုင်သည့် မန်စံလည်း အန္တရာယ်ရှိနိုင်ကြောင်းသိရသည်။
ထို့ကြောင့် တိုက်ပွဲဖြစ်ပွားသည့် တိုင်းရင်းသားလက်နက်ကိုင်များ တွေ့ဆုံဆွေးနွေးပေးရန် နမ္မတူဒေသခံများက တောင်းဆိုထားသည်။