ANP ပါတီဝင်လေးဦး နှုတ်ထွက်စာတင်ထား၊ ပါတီနှင့် ရှင်းလင်းရမည့်ကိစ္စမရှိလျှင် နှုတ်ထွက်ခွင့်ပေးမည်ဟု ANP တုန့်ပြန်

ANP ပါတီဝင်လေးဦး နှုတ်ထွက်စာတင်ထား၊ ပါတီနှင့် ရှင်းလင်းရမည့်ကိစ္စမရှိလျှင် နှုတ်ထွက်ခွင့်ပေးမည်ဟု ANP တုန့်ပြန်
by -
မင်းထွန်း (DMG)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ရခိုင်အမျိုးသားပါတီ (ANP) မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ပါဝင်ပြီးနောက် ပါတီဝင်တချို့ နှုတ်ထွကမှုများရှိလာပြီး တရားဝင်နှုတ်ထွက်စာတင်ထားသူ လေးဦးရှိကြောင်း ANP ပါတီ တာဝန်ရှိသူများထံမှ သိရသည်။

ANP ပါတီကို နှုတ်ထွက်စာတင်ရခြင်းမှာ ပါတီ၏ လုပ်ဆောင်ချက်ကို ကျေနပ်မှုမရှိကြောင်း၊ ပါတီနှင့် ဆက်လက်လုပ်ဆောင်ရန် ဆန္ဒမရှိကြောင်းများ ပါဝင်သည်ကို နှုတ်ထွက်စာတွင် တွေ့ရသည်ဟု ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောသည်။

“ လေးယောက်လောက်တော့ ဗဟိုကိုတိုက်ရိုက်စာရောက်တယ်။နောက်တစ်ယောက်ကတော့ အွန်လိုင်းမှာ ပဲတွေ့တယ်လို့ ပြောတယ်။ဗဟိုကို စာမရောက်ဘူး။အဲဒီပုဂ္ဂိုလ်တွေဟာ ပါတီတာဝန်အားဖြင့် နိမ့်တဲ့သူတွေ ဖြစ်တယ်။ ဥပမာ ဗဟိုကော်မတီ၊CEC အဲလောက်အဆင့်တွေမဟုတ်ဘူး။ မြို့နယ်ပါတီဝင်တချို့ပဲဖြစ်တယ်လို့ သိရတယ်” ဟု ၎င်းကပြောသည်။

နှုတ်ထွက်စာတင်သည့်ပါတီဝင်များမှာ ၎င်းတို့၏သဘောဆန္ဒအလျောက် နှုတ်ထွက်စာတင်ကြခြင်းဖြစ်သည့် အတွက် ယင်းအပေါ်တွင် တစ်စုံတစ်ရာပြောဆိုရန်မရှိကြောင်းနှင့် အချိန်ကာလတစ်ခုတွင် နှုတ်ထွက်ခွင့် ပေးသွားမည် ဖြစ်ကြောင်း ဦးဖေသန်းက ဆက်လက်ပြောသည်။

ANP ပါတီတွင် နုတ်ထွက်စာတင်ထားသည့် ဗဟိုကော်မတီဝင်တစ်ဦးက“ ကျွန်တော်တို့က ရှင်းတယ်၊ပါတီမှာ မူရှိတယ်။ဒီစစ်အာဏာသိမ်းကောင်စီနဲ့ ပေါင်းတာဟာ ပါတီရဲ့မူကိုဆန့်ကျင်တယ်လို့ မြင်တယ်။ဆိုတော့ ဆက်လုပ်လို့မရတဲ့အတွက်  ပါတီကနေနှုတ်ထွက်ဖို့ နှုတ်ထွက်စာတင်ရတာ ဖြစ်တယ်” ဟု ပြောသည်။

ANP ပါတီနှင့် ရှင်းလင်းရမည့်ကိစ္စများမရှိလျှင် နှုတ်ထွက်စာတင်လာသည့်ပါတီဝင်များကို နှုတ်ထွက်ခွင့် ပေးသွားမည်ဖြစ်သော်လည်း ပါတီနှင့်ရှင်းလင်းရမည့်ကိစ္စများရှိလျှင် အဆိုပါကိစ္စများကိုရှင်းလင်းပြီးမှ နှုတ်ထွက် ခွင့်ပေးသွားမည်ဖြစ်ကြောင်း ANP မှ တာဝန်ရှိသူများက ဆိုသည်။

ပါတီအနေဖြင့် စိန်ခေါ်မှု၊အခက်အခဲလမ်းကြောင်းတစ်ခုကို ရောက်နေသည့်အချိန်တွင် ပါတီခေါင်းဆောင်များ၏ လုပ်ဆောင်ချက်အပေါ်တွင် ယုံကြည်မှုရှိရန်နှင့် ပါတီတိုင်းတွင် အားနည်းချက်၊အားသာချက်များရှိသည့်အတွက် မကျေနပ်ချက်များ၊သဘောမတူမှုများ ရှိခဲ့လျှင်လည်း စည်းမျဉ်းစည်းကမ်းနှင့်အညီ ပါတီတွင်းတွင်တင်ပြဆွေး နွေးပြီးလုပ်ဆောင်ရမည်ဖြစ်သည်ဟု ဦးဖေသန်းက ဆိုသည်။

“ကျွန်တော်တို့ ပါတီဝင်တွေဟာ ဒီအချိန်မှာ အားလုံး ပါတီခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်နောက်မှာ ကျစ်ကျစ် လျစ်လျစ်နဲ့ လုပ်ဖို့လိုအပ်တယ်။မိမိတို့ လျှောက်လှမ်းရမယ့်လမ်းကို ဖြောင့်ဖြောင့်မတ်မတ်သွား ရမယ့် အချိန်အခါဖြစ်တယ်။ ဒါမှ ကိုယ့်ပါတီရဲ့ ရေရှည်ရပ်တည်ရေးကို ထိန်းနိုင်ဖို့ဖြစ်တယ်လို့ ပါတီဝင်တွေကို ပြောချင် တယ်။ပြည်သူတွေကိုတော့ ကျွန်တော်တို့ရဲ့ လုပ်ရပ်ဟာ မှားရင်လည်း ကျွန်တော်တို့ခံမယ်။သို့သော်လည်း အမှန်ဆုံးဖြစ်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်၊စောင့်ကြည့်ကြပါလို့ပြောချင်ပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်တွင် ဖွဲ့စည်းလိုက်သည့် နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင်အဖြစ် ရခိုင်အမျိုးသားပါတီ(ANP) မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကို ခန့်အပ်ခဲ့ရာ လက်ခံခဲ့သည်။

ထိုကောင်စီတွင် ပါတီဝင်ဒေါ်အေးနုစိန်ပါဝင်နေခြင်းနှင့်ပတ်သတ်ပြီး ရခိုင်ပြည်သူလူထုအကျိုးစီးပွားအား အကျိုးပြု၊မပြုကို စောင့်ကြည့်ပြီး ဆုံးဖြတ်သွားမည်ဟု ANP ပါတီ ဗဟိုအစည်းအဝေးတွင် ဆုံးဖြတ်ထားသည်။

ယမန်နေ့ ဖေဖော်ဝါရီ၂၃ ရက်ကလည်း ANP ပါတီမှ ရန်ကုန်တိုင်း ရရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း ဦးဇော်အေးမောင်ကို တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန၏ဒုတိယဝန်ကြီးအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ခန့်အပ်လိုက်ကြောင်း မြဝတီသတင်းဖော်ပြချက်အရ သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...