CDM လှုပ်ရှားမှု၌ ပူးပေါင်းပါဝင်သည့် ချင်းပြည်နယ်မှ ထွေအုပ်ဝန်ထမ်း ၁၇၀ ကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံရ

CDM လှုပ်ရှားမှု၌ ပူးပေါင်းပါဝင်သည့် ချင်းပြည်နယ်မှ ထွေအုပ်ဝန်ထမ်း ၁၇၀ ကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံရ

တပ်မတော် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် Civil Disobedience Movement (CDM) လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြသော ချင်းပြည်နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများမှ ဝန်ထမ်းတစ်ရာကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံရကြောင်း သိရသည်။ 

 

လက်ရှိအချိန်ထိ ချင်းပြည်နယ်တွင် Civil Disobedience Movement – CDM ပူးပေါင်းပါဝင်ခြင်းကြောင့် အလုပ်တာဝန်မှ ယာယီရပ်ဆိုင်းထားသူ ဟားခါးမြို့နယ်တွင် ပြည်နယ်ရုံးမှ (၆၂)ဦး၊ ခရိုင်ရုံးမှ (၁၈) ဦးနှင့် မြို့နယ်ရုံးမှ (၃၆) ဦး၊  ထန်တလန်မြို့နယ်တွင် (၁၈) ဦး၊ တီးတိန်မြို့နယ်တွင် (၄) ဦး၊ တွန်းဇံမြို့နယ်တွင် (၁၂) ဦး၊ မင်းတပ်မြို့နယ်တွင် (၂၂) ဦး စုစုပေါင်း (၁၇၂) ဦးရှိပြီဟုသိရပြီး ကျန်မြို့နယ်များအခြေအနေကိုမူ မသိရသေးပေ။ 

 

ချင်းပြည်နယ် မြို့နယ်အသီးသီးတွင်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် CDM ပါဝင်ကာ ရုံးတက်ရောက်ခြင်းမရှှိသည့်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ (၃၈) ဖြင့် နည်းဥပဒေ ၁၆၁ (ဃ)၊ ၁၆၃ (ပ)၊ ၁၆၃ (ဖ)တို့အား ဖောက်ဖျက်ကျူးလွန်သဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၁၇၁ အရ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင််း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

 

ယခုကိစ္စနှင့်ပတ်သက်၍ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မိုင်သင်းယုမွန်က “စစ်တပ်ကတော့ သူ့ရဲ့လှုပ်ရှားမှု သူ့ရဲ့လုပ်ငန်း ဆောင်ရွက်ချက်တွေ အသက်ဝင်လာအောင် တဖြည်းဖြည်းတော့ ဖိအားပေးလာမှာပဲ။ ဆိုတော့ ဒါက ပထမခြေလမ်းယူတာလို့မြင်တယ်။ ဒါကလည်း ဘာကိုပြလဲဆိုတော့ အခုလုပ်နေကြတဲ့ CDM မှာ ဘယ်လောက်ထိ ထိရောက်မှုရှိလဲဆိုတာကို ပြနေတာဆိုတော့ ဘာလို့လဲဆိုတော့ သူ့လုပ်ငန်းတွေ ကောင်းကောင်းမွန်မွန် မလည်ပတ်နိုင်တော့တဲ့ အနေအထားမျိုး တဖြည်းဖြည်းရောက်လာတယ်ဆိုတာ မြင်ရတယ်" ဟု ပြောသည်။ 

 

ယခုကဲ့သို့ CDM တွင် ပူးပေါင်းပါဝင်ကြသောဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်သည့်အနေဖြင့် အလုပ်တာဝန်မှ ယာယီရပ်ဆိုင်းမှုများလုပ်ဆောင်နေသော်လည်း ဝန်ထမ်းများအနေဖြင့် ကြောက်ရွံ့ကာ ရုံးပြန်တက်မည့်အနေအထား မတွေ့ရကြောင်း ဝင်မယ့်သူများလာကြောင်း မိုင်သင်းယုမွန်ကပြောသည်။ 

 

“စစ်တပ်ကတော့ ဝန်ထမ်းတွေကို ဖိအားပေးတဲ့အနေနဲ့ တဆင့်ခြင်းသူလုပ်လို့ရသလောက်တော့ လုပ်သွားမှာပဲ။ ဒါပေမဲ့ သူ့စိတ်ကြိုက်ချက်ခြင်းထုတ်ပယ်လို့ရတာမျိုးက နည်းဥပဒေမှာရှိမနေဘူး။ ဒါကိုလည်း ဝန်ထမ်းအများစုကလည်း နားလည်ထားကြပါတယ်။ ဒီဟာကြောင့် အတိုင်းတာတစ်ခုထိ တချို့လည်း စိတ်ဓာတ်ကျသွားတာမျိုး ပြန်ပြီးတော့မှ ကြောက်သွားတာမျိုးလည်း ရှိနိုင်သလို၊ တချို့ဆို့ရှိရင်လည်း ဒီလိုမျိုးစာတွေထုတ်တဲ့အတွက်ကြောင့်မို့လို့ လုံးဝအောင်မြင်အောင် အပြီးထိ တိုက်ပွဲဝင်မယ်ဆိုတဲ့ ဝန်ထမ်းတွေလည်း အများကြီးတွေ့ရတယ်ဆိုတော့ သူတို့ထင်တဲ့ အားလုံးက ကြောက်ပြီး ရုံးပြန်တက်မယ်ဆိုတဲ့ အနေအထားတော့ မရောက်ဘူး ပြောင်းပြန်တောင်ဖြစ်သွားတယ်” ဟု မိုင်သင်းယုမွန်ကပြောသည်။

 

CDM ပါဝင်နေသည့် ဝန်ထမ်းများကိုလည်း ပြည်သူလူထုတရပ်လုံးက ထောက်ခံအားပေးမှုရှိနေပြီး အကူအညီအထောက်ပံ့များလည်း ပေးအပ်ရန်စီစဉ်နေကြကြောင်း သိရသည်။ 

 

မကြာသေးခင်ရက်ပိုင်းကလည်း အမေရိကန်အခြေစိုက် ချင်းနှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ CDM လှုပ်ရှားမှုအတွက် အမေရိကန်ဒေါ်လာတစ်သိန်း ပေးပို့လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...