ဖမ်းဆီးထိန်းသိမ်းခံထားရသော ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းကို ထောင်သို့ ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်းသိရသည်။
ဝန်ကြီး ဦးဒါရှိလဆိုင်းသည် NLD ပါတီမှဖြစ်ပြီး ၎င်းကို ထောင်ထဲသို့ ပို့လိုက်သည်ဟုသာ သိရပြီး မည်သည့်ထောင်ကို ပို့ဆောင်ခဲ့သည်ကို မသိရှိရသေးဟု ဝန်ကြီး၏ ဇနီးက ပြောသည်။
“ကျွန်မသိရသလောက်က သူ့ကိုထောင်ပို့လိုက်ကြပြီလို့ပဲကြားတယ်။ ကျန်တာ ဘာမှမသိရသေးဘူး”ဟု ၎င်းကပြောသည်။
မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်ရှိ ဦးဒါရှီလဆိုင်း ၏နေအိမ်သို့ ရဲတပ်ဖွဲ့၀င် ငါးဦးနှင့်အတူ အရပ်ဝတ်စုံဝတ်ထားသည့် အမျိုးသား လေးဦးခန့်က ဖေဖော်ဝါရီ ၉ ရက်ည ခုနစ်နာရီအချိန်ခန့်၌ ရောက်ရှိလာပြီး ခေတ္တလိုက်ခဲ့ဟုဆိုကာ ရဲကားများဖြစ်ခေါ်ဆောင်သွားပြီး ယခုအခါ ထောင်သို့ပို့ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
ဦးဒါရှီလဆိုင်းသည် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဖေဖော်ဝါရီ ၉ ရက် နေ့စွဲဖြင့် ၀န်ကြီးချုပ်ကိုယ်စား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့အောက်ရှိ ဦးစီးဌာန အဖွဲ့အစည်းများနှင့် လက်အောက်ခံရုံးဌာန အသီးသီးမှ သက်ဆိုင်ရာ အရာရှိ/အရာထမ်းများအားလုံး အစိုးသစ်ဖွဲ့စည်းပြီးသည်အထိ ရုံးပိတ်ရက် သတ်မှတ်ကြောင်း၊ တပ်မတော်မှ ဥပဒေမဲ့ အာဏာသိမ်းခြင်းအပေါ် ရဲ၀င့်စွာဖီဆန်၍ ဆုံးဖြတ်ချက်ပြတ်သားသူ ပြည်သူ့၀န်ထမ်းများအား အလေးနက်ထား မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ပါရှိခဲ့သည်။