မြစ်ကြီးနား ပညာရေးကောလိပ်ရှေ့တွင် ယနေ့(ဖေဖော်ဝါရီ) ၁၉ရက်က CDM လုပ်နေသော ဆရာမ နှစ် ဦးကို ရဲတပ်ဖွဲ့က ရိုက်နှက်ကာ ဖမ်းဆီးသွားကြောင်း သိရသည်။
"အစ်မတို့ ၈ နာရီခွဲပြီး ၅ မိနစ်မှာ စုရပ်ကိုရောက်တယ်။ လေ့ကျင်ရေးကျောင်းရှေ့ပေါ့။ ဆရာမတွေ ဆိုင်ကယ်ထားနေတဲ့အချိန် အစီး ၂၀ လောက်ဘဲ ရှိသေးတယ်။ ၄၅ မိနစ်လောက်မှာ ရဲကားတွေ ဖြည်းဖြည်း လေးမောင်းဝင်လာတယ်။ ရေ့ဆုံးက နည်းနည်းဝဝ ရဲတစ်ယောက်က မိုက်ကိုင်ပြီး ဆင်းလာတယ်။ ဒါပေမယ့် နောက်ဆုံးက ရဲတစ်ယောက်က အရမ်းရိုက်ချင်တဲ့ဇောနဲ့ ကျွန်မတို့ဆီပြေးလာတော့ အစ်မတို့ကလည်း ပြေးသွား တယ်။ အဲမှာ ဆရာမ နှစ်ယောက်ကျန်ခဲ့တယ်။ သူတို့နှစ်ယောက်လည်းပြေးပေမယ့် တစ်ယောက်ကိုတော့ အစ်မရှေ့မှာတင် ဖမ်းမိသွားတယ်။ အဲဒီဆရာမကိုသူတို့က ဒူးထောက်ထားခိုင်းပြီး ရိုက်နေတာကို တွေ့ရတယ်။" ဟု ယနေ့ ပညာရေးကောလိပ်ရှေ့မှ အဖြစ်အပျက်ကို မျက်မြင်တွေ့ခဲ့သော ဆရာမ တစ်ဦးက ပြန်လည် ပြောပြ သည်။
ယင်းသို့ ဖမ်းဆီးခံရသည့်ဆရာမ နှစ်ဦးသည် အ.မ.က (ပမ္မတီး)မှ ဆရာမ ဒေါ်အေးကြည်ကြည်စိန် နှင့် ဝိုင်းမော်မြို့က ဆရာမ ဒေါ်အေးချမ်းမေ ဖြစ်ကြောင်းသိရသည်။
ထိုဆရာမနှစ်ဦးနှင့်အတူ ပြည်သူတစ်ချို့လည်း ရဲတပ်ဖွဲ့၏ ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရကြောင်း မျက်မြင်တွေ့ သူများ၏ ပြောကြားချက်အရ သိရသည်။
“ပညာရေးကောလိပ်ဆိုင်းဘုတ်ရှေ့ထောင့်မှာ ဆိုင်ကယ်စီးပြီးသွားနေတာကို ရဲတွေက ရှေ့ကာတဲ့ဒိုင် နဲ့ပြေးတက် လာပြီး လိုက်ရိုက်တယ်။ နှစ်ယောက်စီးလာတာကို အတင်း ဆွဲချတယ်။ ရိုက်ချတယ်။ ပစ်လဲတယ်။ သွေးထွက် သံယိုဖြစ်ပြီး လဲကျနေတာ တွေ့လိုက်တယ်”ဟု မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးက ပြော သည်။
အဆိုပါကျောင်းရှေ့တွင် ဆန္ဒပြ ဝန်ထမ်းများနှင့် ပြည်သူများကို ဖမ်းဆီးရန် ရဲကား နှစ်စီး ၊ စစ်ကား ငါးစီးဖြင့် လာရောက်ခြင်းဖြစ်ပြီး အင်အားသုံးဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်သိရသလောက်ကတော့ လက်ရှိမှာ ဆရာမနှစ်ယောက် အပါအဝင် ဒီအချိန်အထိဖမ်းဆီးခံရသူ ၁၅ ဦးလောက်ရှိပြီလို့သိရတယ်”ဟု မြစ်ကြီးနားမြို့နေ ရှေ့နေတစ်ဦးကပြောသည်။
ထို့ပြင် မြစ်ကြီးနားမြို့တွင် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲအတွက် ပြည်သူများ၏ ပုံမှန် စုရပ်နေရာများဖြစ် သော နောင်ရာပါကွင်းနှင့် မြစ်ကြီးနားတက္ကသိုလ်ရှေ့ နေရာတို့တွင် တပ်မတော်က နေရာပိတ်ဆို့ထား သည့်အပြင်
မြို့အတွင်းရှိ အခြား လူစုနိုင်မည့်နေရာများတွင်လည်း ရဲနဲ့ စစ်သားများက လိုက်လံ လူစုခွဲနေကြောင်း သိရသည်။