ချင်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် လွှတ်တော်ဥက္ကဌများကို ဆက်လက်ဖမ်းဆီးထားပြီး ကျန်ဝန်ကြီးများကို နေအိမ်အကျယ်ချုပ်ချ

ချင်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် လွှတ်တော်ဥက္ကဌများကို ဆက်လက်ဖမ်းဆီးထားပြီး ကျန်ဝန်ကြီးများကို နေအိမ်အကျယ်ချုပ်ချ

ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် ၀န်ကြီးတစ်ချိူ့အပါအ၀င် လွှတ်တော်ဥက္ကဌများကို တပ်မတော်က အဓမ္မဖမ်းဆီးထားပြီး ကျန်ဝန်ကြီးများကိုမူ နေအိမ်အကျယ်အချုပ်သဘောဖြင့် ထားရှိကြောင်း သိရသည်။



 

ချင်းပြည်နယ်၀န်ကြီးချူပ် ဆလိုင်းလျန်လွယ်၊ စည်ပင်၀န်ကြီးဦးစိုးထက်၊ လူ၀င်မှု/လူ့စွမ်းအားရင်းမြစ်၀န်ကြီး ဦးဖွေအားနှင့် ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွေ၊ ဒု-လွှတ်တော်ဥက္ကဌ ဦးတိတ်ထန်းတို့ကို ဟားခါးမြို့ တပ်မတော်စစ်ဗျူဟာစခန်းမှာ ယနေ့ချိန်ထိ ဖမ်းဆီးထားကာ လူမှုရေး၀န်ကြီး ဦးပေါင်လွန်မင်ထန်၊ လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးရွှေထီးအို၊ သစ်တော၀န်ကြီး ဦးမန်ဟင်းဒါလ်နှင့် စီမံဘဏ္ဍာ၀န်ကြီး ဦးဝီကောတို့ကိုမူ ဟားခါးမြို့ရှိ ၎င်းတို့နေထိုင်ရာ၀န်ကြီးအိမ်တွင် အကျယ်ချူပ်သဘောဖြင့်ထိန်းသိမ်းထားခြင်းဖြစ်သည်။



 

ချင်းပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင့်ထန်က “သူတို့ငါးယောက်တော့ ဗျုဟာကုန်းမှာရှိသေးတယ်။ ကျွန်တော်တို့ကတော့ ဝန်ကြီးအိမ်ယာမှာပဲနေရတယ်။ အိမ်မှာတော့ လွတ်လွတ်လပ်လပ်ပေါ့ ဘာမှမရှိပါဘူး၊ ကျွန်တော်ကိုယ်တိုင်ကတော့ အပြင်ထွက်သွားတာတော့မရှိဘူး။ အိမ်ကကားတွေ ကားသမားနဲ့စျေးဝယ်တော့ သွားလို့ရတယ်။ ဝန်ကြီးအိမ်ယာနှစ်နေရာရဲ့ အဝင်ပေါက်မှာ အစောင့်ရှိတယ်။ အိမ်တိုင်းမှာတော့မရှိဘူး၊ ကျွန်တော် ကျန်းမာရေးအခြေအနေကောင်းပါတယ်။ အပြင်မထွက်နိုင်တာတခုပါ။ ကျွန်တော်နဲ့ အိမ်မှာနေတဲ့ဝန်ကြီးတွေကိုတော့ ဖုန်းပေးကိုင်ခိုင်းတယ်ဆိုတော့ ဖုန်းဆက်လို့ရပါတယ်၊ အဆင်ပြေကြပါတယ်” ဟု ပြောသည်။

 

ချင်းလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က အာဏသိမ်းယူပြီးနောက် ချင်းပြည်နယ်တွင် ဖမ်းဆီးထိန်းသိမ်းခံရသူ ၃၈ ဦးအထိရှိပြီး ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင်လည်း ချင်းလူမျိူးခြောက်ဦး ဖမ်းဆီးခံခဲ့ကြရကြောင်း သိရသည်။

 

ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းဆန်နှင်းလျန်က “အခုလက်ရှိ ထိန်းသိမ်းထားတဲ့ ချင်းပြည်နယ်ဘဲမဟုတ်ဘူး။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ နိုင်ငံတော်အကြီးအကဲအပါအဝင် ကော်မရှင်လုပ ်တဲ့သူတွေ၊ တက်ကြွလှုပ်ရှားတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေ ဖမ်းတဲ့ပေါ်မှာက တကယ့်ကို ကျွန်တော်တို့ ကန့်ကွက်ရှုတ်ချတယ်။ သူတို့မလုပ်သင့်တဲ့ဟာဖြစ်တဲ့အတွက် သူတို့ကို ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုတာဖြစ်တယ်၊ ပြီးတော့ ထပ်ပြီးတော့ ဖမ်းဆီးထိန်းသိမ်းမှုမျိုးလည်း မလုပ်ဖို့ကိုလည်း တောင်းဆိုပါတယ်။ တပ်မတော်ရဲ့လုပ်ရပ်ကတော့ အခုလက်ရှိ ကျွန်တော်တို့သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အသွင်ကူးပြောင်းရေးလမ်းကြောင်းကိုလည်း သူတို့အနှောက်အယှက်ဖြစ်စေပါတယ်၊ နိုင်ငံတကာကလည်း ရှုတ်ချတဲ့ဟာဖြစ်တယ်” ဟုပြောသည်။

 

ချင်းပြည်နယ်တွင် အဖမ်းခံရသူအများစုမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာ၀န်ရှိသူများဖြစ်ကြပြီး ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအုပ်နောလ်နှင့် အတွင်းရေးမှူး ဦးလင်းကျော်အပါအ၀င် ခရိုင်နှင့် မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့် အတွင်းရေးမှူးစုစုပေါင်း ၂၅ ဦး ဖမ်းဆီးခံခဲ့ကြရကြောင်း ချင်းလူ့အခွင့်အရေးကပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...