ချင်းပြည်နယ် တီးတိန်မြို့တွင် တပ်မတော်စစ်အာဏာသိမ်းယူမှုအား ဆန့်ကျင်ကန့်ကွက်ဆန္ဒဖော်ထုတ်သည့် ကိစ္စနှင့်ပတ်သက်၍ ဒေသခံ လူငယ်ခေါင်းဆောင်ခြောက်ဦးကို အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန (ထွေအုပ်) ရုံးက ယနေ့နံနက်ပိုင်း၌ ခေါ်ယူသတိပေးခဲ့ကြောင်း သိရသည်။
တီးတိန်မြို့မှ လူငယ်ခေါင်းဆောင်တစ်ဦးက “ကျွန်တော်တို့ Volunteer ခြောက်ယောက်ကို ခေါ်တယ်၊ သူတို့ပြောတာကတော့ တီးတိန်မြို့ကို အရင်ကအတိုင်းပဲ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တဲ့ပုံစံမျိုးနဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာကို သိပ်ပြီးတော့မှမလုပ်ဖို့၊ စီးတန်းလှည့်လည်မယ်ဆိုရင် ဘယ်လိုမျိုးဥပဒေတွေရှိတယ်၊ ဘယ်လိုမျိုး အဆင့်ဆင့်လုပ်ဖို့လိုသလဲဆိုတာကို ရှင်းပြတာဖြစ်တယ်” ဟုပြောသည်။
ယနေ့ခေါ်ယူသတိပေးခံရသူများမှာ Tedim Youth Fellowship (TYF) ဥက္ကဌ Thawng Sian Tung၊ TYF အတွင်းရေးမှူး CS Mung No၊ TYF လက်ထောက်အတွင်းရေးမှူး Shia Shian တို့အပါအဝင် လူငယ် ၆ ဦးတို့ဖြစ်ကြပြီး ဆန္ဒဖော်ထုတ်မည်ဆိုပါက ငြိမ်းစုစည်းအရ စီတန်းလှည့်လည် ခွင့်ပြုချက်ရယူရန်အတွက် ရုံးကို အရင်တင်ပြရန်၊ ခွင့်ပြုချက်မယူပဲ စီတန်းလှည့်လည်မည်ဆိုပါက မည်သည့်ဥပဒေများနှင့် ဆက်နွယ်နိုင်ကြောင်းကို ထွေအုပ်ဘက်က အဓိကပြောဆိုခဲ့သည်ဟု သိရသည်။
တပ်မတော်စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှု မြန်မာတစ်ဝန်းလုံးတွင် အရှိန်အဟုန်မြင့်တက်လာသည်နှင့်အမျှ ချင်းပြည်နယ် မြို့နယ်တိုင်းတွင်လည်း ဆန္ဒဖော်ထုတ်မှု ပြင်းထန်လျက်ရှိသည်။
တီးတိန်မြ်ို့တွင် စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒဖော်ထုတ်မှုကို ဖေဖော်ဝါရီလ ၈ ရက်နေ့ကစတင်ပြီး ထောင်နှင့်ချီသောဒေသခံများအပါအဝင် အစိုးရဝန်ထမ်းအမြောက်အများကလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။
ယနေ့တွင်လည်း တီးတိန်မြို့တွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် လူထုအင်အား ၂၀၀၀ ကျော်ခန့်က စီတန်းလှည့်လည်ကာ ဌာနဆိုင်ရာရုံးဝန်းရှေ့များတွင် ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင်ပါဝင်ရန်အတွက် ဆန္ဒပြမှုများပြုလုပ်ခဲ့ကြကြောင်းသိရသည်။