တပ်မတော်၏ မိုင်းရှင်းလင်းရေးပထမအဆင့်တွင် အမှန်တကယ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သော နေရာများမပါဝင်

တပ်မတော်၏ မိုင်းရှင်းလင်းရေးပထမအဆင့်တွင် အမှန်တကယ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သော နေရာများမပါဝင်
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်ပြည်နယ်မှ နေရာတချို့တွင် ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ တပ်မတော်က မိုင်းရှင်းလင်းရေး လုပ်ငန်းများကို စတင်လုပ်ဆောင်လျက်ရှိရာ ပထမအဆင့်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာများမပါဝင်ကြောင်း သိရသည်။

 

“မိုင်းပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တဲ့ ကျေးရွာအနီးတစ်ဝိုက်ကိုတော့ နောက်မှ ရှင်းလင်းသွားဖို့ရှိတယ်။ အခုက ကျနော်တို့ ပထမအဆင့်ရှင်းတာပါ” ဟု ဗိုလ်မှူးကြီးနေထွန်းလှိုင်က ပြောသည်။  

 

တပ်မတော်က မိုင်ရှင်းလင်းရေးကို ပထမအဆင့်အနေဖြင့် အမ်းမြို့မှစတင်ရှင်းနေခြင်းဖြစ်ပြီး အမ် - စစ်တွေကားလမ်း၊ ရသေ့တောင်မြို့နယ် အငူမော်မှ မောင်တောမြို့နယ်ခမောင်းဆိပ်ကျေးရွာထိ ကားလမ်းတစ်လျှောက် ဘေးဝဲယာများကို ရှင်းလင်းခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ တပ်မတော်က မိုင်းများရှင်းလင်းနေသော်လည်း ယခုအချိန်ထိ မိုင်းတစ်လုံးမှ တွေ့ရှိခြင်းမရှိသေးကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနေထွန်းလှိုင်က ပြောသည်။

 

“ကျနော်တို့ မိုင်းရှင်းတာက မနေ့က စပြီးရှင်းတာဖြစ်တယ်။ အမ်းမြို့ကနေပြီး စရှင်းတာ တစ်ဖွဲ့ရှိတယ်။ ပြီးတော့ စစ်တွေကနေပြီးတော့ ပုဏ္ဏားကျွန်းဘက်ကိုတက်သွားတာ တစ်ဖွဲ့ရှိတယ်။ အငူမော်ကနေပြီးတော့ ခမောင်းဆိပ်ရွာသွားလမ်းအထိ တစ်ဖွဲ့ရှင်းလင်းခဲ့တယ်။ ဒီနေ့အချိန်ထိ အမ်း-စစ်တွေ ကားလမ်းနဲ့ အငူမော် ခမောင်းဆိပ်သွားလမ်းတွေမှာတော့ မိုင်းတစ်လုံးမှ တွေ့တာတော့မရှိသေးဘူး” ဟု ဗိုလ်မှူးကြီး နေထွန်းလှိုင်က ပြောသည်။  

 

မိုင်းရှင်းလင်းရေးလုပ်ငန်းကို နှစ်ပတ်အတွင်းမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မိုင်းကျွမ်းကျင်သူ တပ်ဖွဲ့ဝင်အင်အားအပြည့်ဖြည့်၍ ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သော ကျေးရွာအနီးတစ်ဝိုက် ပတ်ဝန်းကျင်များအား နောက်မှ မိုင်းရှင်းလင်းရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးက ဆက်ပြောသည်။

 

“ဒီမိုင်းရှင်းလင်းမှာကို နှစ်ပတ်အချိန် ယူထားတယ်။ ရှင်းဖို့အတွက် လူအင်အားလည်း အပြည့်ဖြည့်ထားတယ်။ အခုက ကျနော်တို့ ပထမဆုံးအဆင့်အနေနဲ့ လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်ကိုပဲ ရှင်းတာပါ။ အခု လောလောဆယ်နော်။ ကားလမ်းအနီး ကျေးရွာဒေသခံတွေက ကျနော်တို့ ရှင်းလင်းနေစဉ် ဟိုနေရာလေး ဒီနေရာလေးကို ရှင်းပေးခဲ့ပါလို့ တောင်းဆိုလာရင် ရှင်းပေးသွားမှာဖြစ်တယ်” ဟု ၎င်းကပြောသည်။

 

ရခိုင်ပြည်နယ်အတွင်း မိုင်းနင်းမိသဖြင့် လူအများအပြား သေဆုံးမှုများရှိနေပြီး စစ်ဘေးရှောင်ပြည်သူများအနေဖြင့်လည်း မိုင်းကင်းရှင်းခြင်းမရှိသဖြင့် ၎င်းတို့၏ နေရပ်ဒေသအသီးသီးသို့ ပြန်ရန်စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...