ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ဆန္ဒပြသူခြောက်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ -၂၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အမ်းမြို့မရဲစခန်းမှ စခန်းမှူး ကိုကျော်ဇင်ဦးက အတည်ပြုပြောကြားသည်။
၎င်းတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်အရေးယူပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေအေးက တိုင်စာပေးပို့တိုင်ကြားခဲ့သဖြင့် ဖမ်းဆီးအရေးယူရခြင်းဖြစ်သည်ဟု ဆိုသည်။
“ဖမ်းဆီးခံထားရတဲ့သူကတော့ အားလုံးခြောက်ယောက်ပါ။ ကျွန်တော်တို့ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးကနေပြီးတော့ စာပေးပို့ပြီး တိုင်တန်းလာတယ်။ လူစုလူဝေးနဲ့ ဆန္ဒဖော်ထုတ်တဲ့နေရာမှာ သဘာဝဘေးန္တရာယ်ဖြစ်ပေါ်စေရန် အကြောင်းရှိတဲ့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်တဲ့အတွက်ကြောင့် ဥပဒေအရ အရေးယူပေးပါဆိုပြီးတော့ တိုင်စာပေးပို့တိုင်တန်းလာတဲ့အတွက် ကျွန်တော်တို့က အမှုဖွင့်ထားရှိတာဖြစ်ပါတယ်” ဟု စခန်းမှူး ကိုကျော်ဇင်ဦးက ပြောသည်။
အမှုဖွင့်ခံရသူခြောက်ဦးသည် အမ်းမြို့နယ် ပိန်ရေစမ်းကျေးရွာမှ ဒေါ်လှမေကျော်၊ အမ်းမြို့ အမှတ် (၃) ရက်ကွက်မှ မစိုးကလျာထွန်း၊ လေယာဉ်ကွင်းရပ်ကွက်မှ မရတနာအောင်နှင့် ကိုအောင်မျိုးထွဋ်၊ ပျားတဲကျွန်းကျေးရွာမှ ကိုမင်းထိုက်အောင်နှင့် ပိန်းတောကျေးရွာမှ မတင်ချိုချိုထွေးတို့ဖြစ်ကြောင်း သိရသည်။
ဆန္ဒပြရာတွင် ပါဝင်သူများအား နောက်ထပ်ဖမ်းဆီးရမိလျှင်လည်း ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။