ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မနောကွင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ပြည်သူများဆန္ဒဖော်ထုတ်မှု ဖေဖော်ဝါရီ ၈ ရက် (ယနေ့) ကပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုဆန္ဒထုတ်ဖော်မှုတွင် ဒေသခံ ကချင်တိုင်းရင်းသားလူငယ်များ၊ ကျောင်းသားများ၊ အစိုးရဝန်ထမ်းများနှင့် ပြည်သူများက ပါဝင်ခဲ့ကြပြီး ယနေ့ နံနက် ၈ နာရီခန့်တွင် ပြည်သူများစုဝေး၍ မြစ်ကြီးနားမြို့ပတ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
“ဘုန်းဘုန်းတို့လည်း စစ်အာဏာရှင်စနစ်ကို လုံးဝအလိုမရှိဘူး။ ပြည်သူတွေ ကပ်လှူတဲ့ဆွမ်းကိုစားပြီးတော့ ပြည်သူတွေအတွက် ဘုန်းဘုန်းတို့လည်း တာဝန်ကျေချင်တယ်။ မင်းအောင်လှိုင်အစိုးရကို လုံးဝမလိုမရှိဘူး” ဟု မြစ်ကြီးနားမြို့ ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဘုန်းတော်ကြီးတစ်ပါးက မိန့်ကြားသည်။
လမ်းလျှောက်ဆန္ဒထုတ်သူများအပြင် ဆိုင်ကယ်များ၊ မော်တော်ယာဉ်များနှင့်ပါ မြစ်ကြီးနားမြို့ပတ်ကာ ပြည်သူသောင်းနှင့်ချီက ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။
မြစ်ကြီးနားမြို့ခံတစ်ဦးကလည်း “တပ်မတော်ကိုချစ်တယ်။ ဒါပေမယ့် စစ်အုပ်စုတစ်စုကို မချစ်လို့ ဆန့်ကျင်တာ။ ကျွန်တော်တို့ ပြည်သူတွေအားလုံးလည်း စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကြဖို့ တိုက်တွန်းချင်တယ်။ စစ်အုပ်ချုပ်ရေးစနစ်ကြီးက ပိုပြီးလာမယ်ဆိုရင် ပြည်သူ့ဘဝနိမ့်ကျမယ်။ နောက်မျိုးဆက်တွေအတွက် အစစအရာရာ ပျက်သုန်းသွားမယ်ဆိုတာ ကမ္ဘာသိအောင်ပြောပေးကြပါ” ဟု ပြောသည်။
မြစ်ကြီးနားမြို့တွင်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွင် စစ်အာဏာရှင်စနစ် မုချကျဆုံးပါစေ၊ ဖမ်းဆီးခံရထားသည့် ခေါင်းဆောင်များ ချက်ချင်းလွှတ်၊ အာဏာရှင်စနစ်အလိုမရှိ၊ မတရားအာဏာသိမ်း စစ်အစိုးရ အလိုမရှိ၊ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာရေး တို့အရေး၊ ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည်၊ CDM လုပ်ခြင်းဖြင့် တိုင်းပြည်ကို ကာကွယ်ပါ၊ ငါတို့ခေတ် သမိုင်းမရိုင်းစေနဲ့ စသည့် ဆိုင်း ဘုတ်များကိုင်ဆောင်ခြင်း၊ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မြစ်ကြီးနားမြို့ ပြည်သူများကလည်း ဆန္ဒထုတ်ဖော်သူများကို ဝန်းရံပေးခဲ့ကြပြီး အချို့ပြည်သူများ လမ်းကြောင်းတစ်လျှောက် စားစရာများ၊ သောက်ရေများ၊ Mask များ၊ လက်အိတ်များ ပေးဝေခဲ့ကြသည်။
ရေနှင့် စားစရာများကို ပေးဝေနေသူ မြစ်ကြီးနားမြို့က မြို့ခံတစ်ဦးက “ဆန္ဒပြတဲ့ ပြည်သူတွေအားလုံးအတွက် တတ်နိုင်သလောက်လေး ရေလေးဘာလေး ဝေတာပါ။ ကျနော်တို့ကို ဘယ်သူကမှ မခေါ်ပါဘူးဗျ။ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ်ပဲ အားလုံးက လမ်းပေါ်တက်လာကြတာပဲလေနော်” ဟု ပြောသည်။
အလားတူ ဗန်းမော်၊ ဖားကန့်၊ နမ္မတီး၊ မိုးကောင်း၊ မိုးညှင်း၊ ပူတာအိုမြို့တို့တွင်လည်း တပြိုင်တည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ (ယမန်နေ့) ညနေပိုင်းကလည်း ဆိုင်ကယ်များဖြင့်လှည့်လည်ကာ စစ်အာဏာရှင်ဆန်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုအချို့ရှိခဲ့ပြီး ညတိုင်း အိုးခွက်သံပုံးများတီးကာ စစ်အာဏာသိမ်းမှုကို မလိုလားကြောင်း၊ ဆန့်ကျင်ကြောင်း အခြားသော တိုင်းနှင့်ပြည်နယ်အသီးသီးက ပြည်သူများနည်းတူ ဆန္ဒထုတ်ဖော်နေကြသည်။
ထို့ပြင် အခြားသော ပြည်နယ်များနှင့် တိုင်းဒေသကြီးတို့ရှိ မြို့နယ်အသီးသီးတွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမျာ ပြုလုပ်လျက်ရှိသည်။