မည်သည့် အာဏာရှင်အစိုးရကိုမျှအလိုမရှိဘဲ ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ရှမ်းနီတိုင်းရင်းသားလူငယ်အဖွဲ့အစည်း ၁၆ ဖွဲ့က ပူးတွဲကြေညာချက်ကို ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအနေဖြင့် တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်လျက်ရှိသည့် နိုင်ငံဖြစ်ခြင်းကြောင့် ဖယ်ဒရယ်ဒီမိုကရေစီစနစ်သာလျှင် စည်းလုံးညီညွတ်မှုအတွက် အကောင်းဆုံးဖြစ်မည်ဟု ယုံကြည်ကြောင်း၊ လက်ရှိနိုင်ငံရေးအခြေအနေအရ စစ်အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းလိုသည့်အနေဖြင့် လူထုရွေးကောက်ခံအစိုးရအား တပ်မတော်က အာဏာထိန်းသိမ်းခြင်းသည် တိုင်းရင်းသားပြည်သူလူထုကို ထိတ်လန့်စေပြီး မြန်မာ့တပ်မတော်ပါ၀င်ဆောင်ရွက်နေသော NCA လမ်းကြောင်းကိုပါ ထိခိုက်စေနိုင်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးခေါင်းဆောင်များနှင့် ဘာသာရေးခေါင်းဆောင်များကို ချွင်းချက်မရှိ လွတ်ပေးရန်တောင်းဆိုကြောင်းနှင့် မိမိတို့ရှမ်းနီလူငယ်များအနေဖြင့် မည်သူည့်အာဏာရှင်စနစ်ကိုမျှ အလိုမရှိဘဲ ဆက်လက်ကန့်ကွက်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်ကို ဖေဖော်ဝါရီ ၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ချုပ် (ဗဟို)။ ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ (မန္တလေး)၊ ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ (ရန်ကုန်)၊ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ (ဟုမ္မလင်း)၊ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ (မုံရွာတက္ကသိုလ်)၊ ရှမ်းနီသွေးလှူရှင်အသင်း (မုံရွာတက္ကသိုလ်)၊ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ (စစ် ကိုင်းပညာရေးတက္ကသိုလ်)၊ ရှမ်းနီစာပေနှင့်ယဥ်ကျေးမှုကော်မတီ (ရတနာပုံတက္ကသိုလ်)၊ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရွေဘိုတက္ကသိုလ်)၊ ရှမ်းနီလူငယ်ကွန်ယက် (ဗန်းမောက်)၊ ရှမ်းနီလူငယ်ကွန်ယက် (အင်းတော်ကြီး)၊ ရှမ်းနီလူငယ်ကွန်ယက် (မြစ်ကြီးနား)၊ တိုင်းလိုင် လူငယ်ကွန်ယက် (ဝိုင်းမော်)၊ ရှမ်းနီလူငယ်အဖွဲ့ (မိုးညှင်း)၊ ရှမ်းနီလူငယ်အဖွဲ့ (ဖားကန့်)၊ ရှမ်းနီလူငယ်အဖွဲ့ (ဗန်းမော်) တို့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။