အာဏာသိမ်းတပ်မတော်က ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့အား လုံး၀လက်ခံမည်မဟုတ်ဟု မြစ်ကြီးနား တက္ကသိုလ်မှ ဆရာ/ဆရာမများကပြော

အာဏာသိမ်းတပ်မတော်က ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့အား လုံး၀လက်ခံမည်မဟုတ်ဟု မြစ်ကြီးနား တက္ကသိုလ်မှ ဆရာ/ဆရာမများကပြော

တပ်မတော်က အာဏာသိမ်းယူပြီးနောက် ဖွဲ့စည်းခဲ့သည့်အစိုးရအဖွဲ့အား လုံး၀ လက်ခံမည်မဟုတ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနား တက္ကသိုလ်မှ ဆရာ/ဆရာမများက ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ ယနေ့နံနက်တွင်ပြုလုပ်သော တပ်မတော်မှအာဏာသိမ်းမှုကို ကန့်ကွက်သည့် ဖဲကြိုးနီလှုပ်ရှားမှုတွင် မြစ်ကြီးနား တက္ကသိုလ်မှ ဆရာ/ဆရာမများက ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြစ်ကြီးနားတက္ကသိုလ် စီးပွားရေးပညာဌာနမှ ဆရာမ ဒေါ်ခိုင်ချိုချိုခက်က “ကျွန်မတို့က ဓမ္မနဲ့ အဓမ္မပေါ့နော်။ ဒီအဓမ္မ အာဏာသိမ်းပိုက်တာကိုတော့ ကျွန်မတို့ မခံနိုင်ပါဘူး။ ကျွန်မတို့ ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရရဲ့ လက်အောက်မှာပဲ ကျွန်မတို့က တာဝန်ကို ထမ်းဆောင်ချင်ပါတယ်။ နှစ်ပေါင်းများစွာ ဒီအတွက်ကို ကျွန်မတို့တွေက ပြည်သူတွေက ရင်းခဲ့ကြတာပါ။ ဒါကလည်း ကျွန်မတို့က စစ်အာဏာရှင် စစ်သားကို မုန်းလို့လည်း မဟုတ်ပါဘူး။ ကျွန်မတို့ လိုချင်တာက ဓမ္မနော်။ တရားနည်းလမ်းကျတဲ့ ပြည်သူတွေ ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရလက်အောက်မှာ နေဖို့အတွက် ကျွန်မတို့ အကုန်လုံးလာကြတာပါ” ဟုပြောသည်။

မြစ်ကြီးနား တက္ကသိုလ်မှ ဆရာ/ဆရာမများ၏ ဖဲကြိုးနီလှုပ်ရှားမှုကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ပြုလုပ်ခဲ့ကြပြီး ဖဲကြိုးနီလှုပ်ရှားမှုတွင် ပါဝင်ရသည့်အပေါ် ဆရာ/ဆရာမများက ယခုလိုပြောသည်။

အင်္ဂလိပ်စာဌာနမှ လက်ထောက်ကထိက ဆရာမ မရမ်ဂျာဆိုင်းမိုင်က “တစ်နိုင်ငံလုံး တရားမျှတမှု ရဖို့ရယ်၊ ကိုယ်ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရကို ပြန်ပြီးတော့ သူ့နေရာနဲ့သူ ရပ်တည်နိုင်ဖို့အတွက် ပါဝင်ရခြင်းဖြစ်ပါတယ်” ဟုပြောသည်။

လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာမတစ်ဦးကလည်း “မရားမှုကို မလိုလားလို့ပါရှင့် တရားမျှတတဲ့အုပ်ချုပ်မှုကို လိုလားလို့ပါ” ဟု ပြောသည်။

ယနေ့ပြုလုပ်သည့် ဖဲကြိုးနီလှုပ်ရှားမှုတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များအားလုံး ချက်ချင်းလွတ်ပေးရန်၊ ၂၀၂၀ ရွေးကောက်ပွဲဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ရန်၊ စစ်အာဏာရှင်ဖွဲ့စည်းထားသော အစိုးရအဖွဲ့အား သဘောမတူပါ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ စသည့်အချက်များကို ကြွေးကြော်ကာ တောင်းဆိုခဲ့ကြသည်။

တပ်မတော်မှ အာဏာသိမ်းယူမှုကို လုံး၀ လက်ခံမည်မဟုတ်ကြောင်းနှင့် နောင်လာနောင်သားများ၏ ရှေ့အနာဂတ်အတွက် ပြည်သူတစ်ရပ်လုံးကလည်း ယခုကဲ့သို့ လှုပ်ရှားမှုတွင် အားလုံး ပါဝင်ပူးပေါင်းကြရန်လိုသည်ဟု ဆရာမ ဒေါ်ခိုင်ချိုချိုခက်က ပြောသည်။

“လက်ရှိ အာဏာသိမ်းတယ်ဆိုတာက မဖြစ်သင့်တဲ့ကိစ္စ။ ကျွန်မတို့ ဒီလို ကမ္ဘာမှာ အားလုံးကလည်း ဒါကိုပူး ပေါင်းပါဝင်ရမယ်။ ကျွန်မတို့ နိုင်ငံနိုင်ငံသူနိုင်ငံသားတွေ အားလုံးဟာလည်း ပူးပေါင်းပါဝင်ဖို့ တာဝန်ရှိပါတယ်။ ပြည်သူတစ်ယောက်အနေနဲ့ လုပ်ကိုလုပ်ရမယ်။ ကျွန်မတို့က ရှေ့အနာဂတ်ကာလအတွက်ဖြစ်သလို အခုအတွက်လည်း ကျွန်မတို့က ဒါကို ရဲရဲဝံ့ဝံ့ လုပ်ကြရမှာပါ။ ဒီအာဏာသိမ်းတာကို ကျွန်မတို့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး” ဟု ၎င်းကပြောသည်။

တပ်မတာ်၏ အာဏာသိမ်းယူမှုကို ဆန့်ကျင်သည့်လှုပ်ရှားမှုအား ပြည်သူအားလုံးက ပါဝင်လာမည်ဆိုပါက အောင်မြင်မှုပန်းတိုင်ကို ရရှိမည်ဟု ယုံကြည်ကြောင်းလည်း ဖဲကြိုးနီလှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာ/ဆ ရာမများက ပြောသည်။

လှုပ်ရှားမှုတွင်ပါဝင်သည့် ဆရာမတစ်ဦးက “အားလုံး တစ်ညီတစ်ညွတ်တည်းစုပေါင်းပြီးတော့ ကျွန်မတို့ စည်းလုံးညီညွှတ်စွာ လှုပ်ရှားမယ်ဆိုရင် အောင်မြင်မှုပန်းတိုင်ဟာ မလွဲမသွေ ရောက်လာမှာပါရှင့်” ဟုပြောသည်။

အင်္ဂလိပ်စာဌာနမှ လက်ထောက်ကထိက ဆရာမ မရမ်ဂျာဆိုင်းမိုင်ကလည်း “အားလုံးစည်းလုံးနေမယ်ဆိုလို့ရှိရင်တော့ အောင်နိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ အကုန်လုံးလည်း အဲလိုယုံကြည်ပြီးတော့ လုပ်နေမယ်လို့ မျှော်လင့်ပါတယ်” ဟုပြောသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲရလဒ်မှာ တရားမျှတမှုမရှိဟုဆိုကာ တပ်မတော်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် NLD အစိုးရထံမှ အာဏာသိမ်းယူခဲ့သည်။

အဆိုပါအာဏာသိမ်းယူမှုနောက်ပိုင်း တပ်မတော်၏အာဏာသိမ်းယူမှုကို ဆန့်ကျင်သည့်အနေဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းက ဖဲကြိုးနီလှုပ်ရှားမှုများကို လုပ်ဆောင်လာခဲ့ကြသကဲ့သို့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများကလည်း သံဗုံးတီလှုပ်ရှားမှုများကို ပြည်နယ်နှင့် တိုင်းဒေသအသီးသီးတွင် လုပ်ဆောင်လာခဲ့ကြသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...