ငါးထောင်ကျပ်တန်နှင့် တစ်သောင်းကျပ်တန်ငွေစက္ကူများကို ပြန်သိမ်းနေသည်ဆိုသော ကောလဟာလများကြောင့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့တွင် ရွှေဈေးများ အဆမတန်မြင့်တက်သွားကြောင်း သိရသည်။
“ကျွန်တော်တို့လည်း အတိအကျတော့မသိဘူး။ တစ်သောင်းတန်နှင့် ငါးတောင်တန်တွေကို သိမ်းနေကြပြီဆိုတဲ့သတင်းကိုကြားလို့ ရှိတဲ့ပိုက်ဆံတွေနဲ့ ရွှေတွေဝယ်နေကြတာ ဆိုင်ပိတ်တဲ့အထိ လူတွေတန်းစီနေကြတာ ရွှေဈေးကလည်း အရမ်းတက်သွားပြီ” ဟု ပေါက်တောမြို့ခံတစ်ဦးက ပြောသည်။
ရခိုင်တွင် ယမန်နက်ညနေ့အထိ ရွှေဈေးမှာ ပုံမှန်ဈေးရှိနေသော်လည်း ထိုသို့ သတင်းထွက်ပေါ်လာပြီးနောက် အခေါက်ရွှေတစ်ကျပ်သားကို တစ်ဆယ့်လေးသိန်းလေးငါးသောင်းကျပ်အထိ မြင့်တက်ခဲ့ကြောင်း မြောက်ဦးမြို့ခံတစ်ဦးကေြပာသည်။
“ကျွန်တော်တို့မြို့မှာတော့ မနေ့ကထိ ပုံမှန်ဈေးပဲ။ အခုတော့ အဲဒီငွေတွေကို သိမ်းမယ်လို့သတင်းကြားပြီး ရှိတဲ့ငွေတွေနဲ့ ရသလောက်သွားဝယ်မယ်လို့ ရွှေဆိုင်တန်းကိုသွားလိုက် လူတွေတော်တော်များတာနဲ့ ပြီးတော့ ရွှေဈေးကလည်း တစ်ဆယ့်လေးသိန်းလေးငါးသောင်းအထိ မြင်တက်သွားလို့ မဝယ်ဖြစ်ခဲ့ဘူး" ဟု မြောက်ဦးမြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။
အဆိုပါသတင်းကြောင့် ကျောက်တောမြို့နယ်တွင်လည်း ရွှေများလာရောက်ဝယ်ယူသူများသောကြောင့် ရွှေဈေးမှာ တစ်ဆယ့်သုံးသိန်းကိုးသောင်းအထိမြင့်တက်ခဲ့ကြောင်း ကျောက်တော်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
"အဲဒီပိုက်ဆံတွေကို သိမ်းတယ်လို့ကြားတော့ ဘာလုပ်ရမှန်းမသိတာ ရှိတဲ့ပိုက်ဆံတွေပိုက်ပြီး ရွှေဆိုင်ပြေးကြတာပဲ။ ကျွန်မတို့ကျောက်တော်မှာတော့ တစ်ဆယ့်သုံးသိန်းကိုးသောင်းအထိပေးရပါတယ်" ဟု ကျောက်တော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ငွေစက္ကူများ ပြန်သိမ်းနေသည်ဆိုသောသတင်းများကြာင့် ရခိုင်ပြည်နယ်လူထုကြား ရိုက်ခတ်မှုများဖြစ်သွားခဲ့သော်လည်း အဆိုပါသတင်းသည် ဝါဒဖြန့်သတင်းဖြစ်ကြောင်း ယုံကြည်နေသည့်ဒေသခံများကမူ လိုအပ်သည့်အချိန် ထုတ်သုံးနိုင်ရန် ယင်းငွေများကို သိမ်းဆည်းထားဆဲဖြစ်ကြောင်း သိရသည်။
Published
Thursday, February 04, 2021
ငါးထောင်ကျပ်တန်နှင့် တစ်သောင်းကျပ်တန်ငွေစက္ကူများ သိမ်းမည်ဆိုသောကောလဟာလကြောင့် ရခိုင်မြို့နယ်တချို့တွင် ရွှေဈေးများ အဆမတန်မြင့်တက်