နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် ထိန်းသိမ်းခံထားရသည့် မွန်ညီညွတ်ရေးပါတီ (MUP) မှ လွှတ်တော်ကိုယ်စားလှယ်ငါးဦး ဖေဖော်ဝါရီ ၃ ရက် (ယနေ့) နံနက်တွင် နေရပ်ပြန်လာကြကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
မွန်ညီညွတ်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃ ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦးတို့သည် တတိယအကြိမ်လွှတ်တော်တက်ရန် နေပြည်တော်စည်ပင်ဧည့်ရိပ်သာသို့ ရောက်ရှိနေစဉ် အာဏာသိမ်းတပ်မတော်၏ ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။
ဖေဖော်ဝါရီ ၂ ရက် ညနေတွင် စည်ပင်ဧည့်ရပ်သာရှိ လွှတ်တော်ကိုယ်စားလှယ်များအားလုံး နေရပ်ပြန်နိုင်ကြောင်း တပ်မတော်လာရောက်ပြောကြားခဲ့သည်ဟု မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် နိုင်စံတင် ကပြောသည်။
“တိုင်းဒေသကြီးနဲ့ ပြည်နယ်ကကိုယ်စားလှယ်တွေ ဒီအချိန်ကနေစပြီး မနေ့က ၄ နာရီခွဲလောက်မှာပေါ့ ပြန်ချင်ရင် ပြန်လို့ရပါပြီ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ကြပါဆိုပြီး လာပြောတယ်။ အဲလိုလာပြောတော့ ပြန်ကြတာပေါ့။ မနေ့ကလည်း အများကြီး ပြန်သွားကြတယ်။ ကျွန်တော်တို့ MUP ကိုယ်စားလှယ်တွေကတော့ ဒီနေ့မနက်မှ ပြန်ကြတယ်။ အခြားတိုင်းရင်းသားပါတီတွေလည်း ပြန်ကြတယ်။ ကျွန်တော်တို့နဲ့ တစ်ဆောင်တည်းရှိနေတဲ့ ပါတီတွေလည်း ပြန်ကုန်ကြတယ်” ဟု နိုင်စံတင် ကပြောသည်။
တပ်မတော်က လွှတ်တော်ကိုယ်စားလှယ်များအားလုံး နေရပ်ပြန်နိုင်ပြီးဖြစ်ကြောင်း လာပြောပြီးနောက် ချက်ချင်းပြန်သွားကြသည့် ကိုယ်စားလှယ်များလည်းရှိသကဲ့သို့ ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်မှပြန်သည့် တိုင်းရင်းသားကိုယ်စားလှယ်များရှိကြောင်း သိရသည်။
မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်များ ပြန်ကြသည့်အချိန်တွင် စည်ပင်ဧည့်ရိပ်သာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ်များ ကျန်ရှိနေသေးကြောင်း ၎င်းတို့အနေဖြင့် ပြန်/မပြန်ဆိုသည်ကို မသိကြောင်း မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်များက ပြောသည်။
စည်ပင်ဧည့်ရိပ်သာတွင် ကျန်ရှိနေသည့်ကိုယ်စားလှယ်များအားလုံး ၂၄ နာရီအတွင်း ဧည့်ရိပ်သာမှထွက်ခွာပေးရန် တပ်မတော်မှ ယနေ့နံနက် ၁၀ နာရီခန့်က ထပ်မံလာရောက်ပြောကြားထားသည်ဟုလည်း ကိုယ်စားလှယ်အချို့၏ ပြောကြားချက်အရ သိရသည်။