၂၀၀၈ အခြေခံဥပဒေသည် တက်လာသည့် အစိုးရတိုင်းကို ကာကွယ်ပေးထားသည့် သဘောဖြစ်၍ ၂၀၀၈ ဘောင်ထဲမှ ပြသနာဖြေရှင်းနိုင်မည်မဟုတ်ဟု ကေအဲန်ယူပြော

၂၀၀၈ အခြေခံဥပဒေသည် တက်လာသည့် အစိုးရတိုင်းကို ကာကွယ်ပေးထားသည့် သဘောဖြစ်၍ ၂၀၀၈ ဘောင်ထဲမှ ပြသနာဖြေရှင်းနိုင်မည်မဟုတ်ဟု ကေအဲန်ယူပြော
by -
စောထွန်းလင်း (ကေအိုင်စီ)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တက်လာသည့် အစိုးရတိုင်းကို ကာကွယ်ပေးထားသည့် သဘောရှိ၍ ၂၀၀၈ အရ ပေါ်လာသည့် အစိုးရနှင့် ဖြေရှင်းရမည့် အခက်အခဲကိစ္စရပ်များသည် ၂၀၀၈ ဘောင်ထဲမှဖြေရှင်းမည်ဆိုပါက အဖြေရှိမည် မဟုတ်ဟု ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုတာဒိုမူးက ပြောသည်။

လက်ရှိ အကြပ်အတည်းကို ကျော်လွှားရန်နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးပေါ်ထွန်းလာစေရန် သက်ဆိုင်ရာ အစုအဖွဲ့များ အားလုံးပါဝင်မည့် မျက်နှာစုံညီ ညှိနှိုင်းနိုင်သည့် အရေးပေါ်အစည်းအဝေးတစ်ခုကို အမြန်ဆုံး ခေါ်ယူ ရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံးက ဇန်နဝါရီ ၂၉ ရက်တွင် ကြေညာချက်ထုတ် ပြန်လိုက်သည့် အပေါ် ၎င်းက ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ၂၀၀၈ကို အခြေခံပြီးတော့ပဲ ပြဿနာဖြေရှင်းနေမယ်ဆိုရင်တော့ အဖြေက မရှိတဲ့အတွက်ကြောင့် အမှန်တကယ် ပြဿနာပြေလည်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ဆိုရင်တော့ အစိုးရဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တပ်မတော်၊ တိုင်းရင်းသားခေါင်းဆောင်တွေကြားမှာ တွေ့ဆုံညှိနှိုင်းမှုတစ်ခု အမြန်လိုအပ်တယ်။ ဒါက ကျွန်တော်တို့ နိုင်ငံရဲ့ထွက်ပေါက်တစ်ခုဖြစ်တယ်ဆိုတာ ပြောလိုတာဖြစ်တယ်” ဟု ပဒိုတာဒိုမူးက‌ ပြောသည်။

အဆိုပါကေအဲန်ယူ၏ သတင်းထုတ်ပြန်ကြေညာချက်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မည့် ပြည်ထောင်စု ပေါ်ထွန်းရန် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် အနုတ်သဘောဆောင်သည့် ပြသာနာဖြေရှင်း သည့် လုပ်ရပ်အားလုံးကို သက်ဆိုင်သူများက အစွမ်းကုန်ရှောင်ရှားရန် လိုပြီး ပြည်ထောင်စု အကျိုးကိုရှေ့ရှုပြီး ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာသွားခြင်းသည် လက်ရှိနိုင်ငံရေးအကြပ်အတည်း၏ လိုအပ်ချက်တစ်ခု ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ရွေးကောက်ပိုင်းတိုင်း၏ အရှုံး၊ အနိုင်၊ လရဒ် တရားမျှတမှုတို့ကို တောင်းဆိုခြင်းသည် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ပြီး အငြင်းပွားမှုများအား သက်ဆိုင်ရာ အစုအဖွဲ့များက တာဝန်ယူ၊ တာဝန်ခံမှုအပေါ် အခြေခံ၍ ညှိနှိုင်းဖြေရှင်း ကြစေလိုကြောင်း၊ အဓိကအားဖြင့် ဒီမိုကရေစီ အနှစ်သာရ မပျက်စေဘဲ အပြန်အလှန် လေးစား အသိအမှတ် ပြုမှုကို အခြေခံရန်လိုကြောင်း ထောက်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံသည် သာမန်နိုင်ငံရေး အကြပ်အတည်းနှင့် သမာရိုးကျ စိန်ခေါ်မှုများကို ရင်ဆိုင်နေရခြင်း မဟုတ်သလို ကိုယ်ပိုင်းပြဌာန်းခွင့်နှင့် တန်းတူရေး၊ ကွဲပြား စုံလင်သော တိုင်းရင်းသားများ ဖြစ်တည်မှု ဝိသေသ လက္ခဏာများ ပါဝင်သည့် ကျယ်ပြန်သည် ပြဿနာရပ်များနှင့်လည်း ရင်ဆိုင်နေရခြင်း ဖြစ်သည်ဟု ကေအဲန်ယူက ပြောသည်။

ထို့ကြောင့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံနှင့် နိုင်ငံရေး အကြပ်အတည်းကို ကျော်လွှားရာတွင် အာဏာလွန်ဆွဲမှုကို ကျော်လွန်ပြီး ပြည်ထောင်စု ဖြစ်ထွန်းရေးနှင့် ဒီမိုကရေစီ စံနှုန်းများကို အလေးထားသည့် သက်ဆိုင်ရာ အစုအဖွဲ များ အားလုံးပါဝင်မည့် မျက်နှာစုံညီ ညှိနှိုင်းနိုင်သည့် အခင်းအကျင်းတစ်ခု အရေးပေါ်လိုအပ်နေသည်ဟု ကေအဲန်ယူ၏ သတင်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။  

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှု ရှိနေသည့်အတွက် ဖြေရှင်းပေးရန် တပ်မတော်က ရွေးကောက်ပွဲ ကော်မရှင်ထံတောင်းဆိုထားပြီး ရွေးကောက်ပွဲကော်မရှင်ကမှု ဥပဒေများနှင့် အညီ ရွေးကောက်ပွဲ ကျင်းပခဲ့သည်ဟု တုန့်ပြန် ပြောဆိုထားသည်။

ထိုအငြင်းပွားမှုကို အကြောင်းပြုပြီး ဒီမိုကရေစီ အသွင်းကူးပြောင်းရေး ရပ်တန့်သွားနိုင်သည့်အပေါ် အများပြည်သူတို့ စိုးရိမ်မှုများ ရှိနေသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...