ပြည်ထောင်စုအစိုးရနှင့်အတူ တိုင်းနှင့်ပြည်နယ်အစိုးရများ ပြန်လည်ဖွဲ့စည်းရန်နီးကပ်လာချိန် ဖြည့်စွက်ရန်ပုံငွေ လျာထားမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝေဖန်ခံနေရကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ဖြည့်စွက်ရန်ပုံငွေလျာထားမှုတွင် ဝန်ကြီးချုပ်ဦးညီပု၏ဇာတိဖြစ်သည့် ဂွမြို့နယ်က အများဆုံးရရှိခဲ့ပြီး ရသေ့တောင်မြို့နယ်သည် ထိုရန်ပုံငွေလျာထားချက်တွင် ပါဝင်ခဲ့ခြင်းမရှိသည့်အတွက် ဝေဖန်မှုများဖြစ်လာသည်ဟုဆိုသည်။
၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရ၏ မြို့နယ်အလိုက် ဒေသဖွံ့ဖြိုးရေး ဖြည့်စွက်ရန်ပုံငွေခွဲရေးတွင် မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် ဝန်ကြီးချုပ်ဦးညီပု၏ဇာတိဖြစ်သည့် ဂွမြို့နယ်က ၅၂၇.၉၃၀ သန်းဖြင့် ဘတ်ဂျက် အများဆုံးထည့်သွင်းခံထားရပြီး ပေါက်တောမြို့နယ်သည် ၇.၅၀၀ သန်းဖြင့် ဘတ်ဂျက်အနည်းဆုံးထည့်သွင်းခံရကာ ရသေ့တောင်မြို့နယ်သည် ဖြည့်စွက်ရန်ပုံငွေလျာထားချက်ထဲတွင် လုံးဝပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ယခုလို ပြည်နယ်အစိုးရက ဘတ်ဂျက်ရေးဆွဲရာတွင် လုံးဝပါဝင်မှုမရှိခြင်းနှင့်ပတ်သက်၍ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
ရခိုင်ပြည်နယ်တွင် ဂွမြို့နယ်သည် ဧရိယာအားဖြင့်ကျဉ်းမြောင်းပြီး လူဦးရေအားဖြင့်လည်း တခြားမြို့နယ်များထက်နည်းသော်လည်း ဘတ်ဂျက်အများဆုံးချပေးခြင်းသည် လုံးဝမဖြစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
ဘတ်ဂျက် ငါးဆယ်ရာခိုင်နှုန်းကို မြို့နယ်တွေ အညီအမျှခွဲဖို့၊ ကျန် ၂၀ ရာခိုင်နှုန်းကို ဧရိယာအကျယ်အဝန်းနဲ့ ကျန် ၃၀ ရာခိုင်နှုန်းကို လူဦးရေနဲ့ ခွဲချရမယ်ဆိုပြီး သတ်မှတ်ထားတယ်။ အစိုးရအဖွဲ့က ဘတ်ဂျက်ကို ချပေးတဲ့အချိန်မှာ အဲဒါတွေကို လွန်ဆန်မလား။ လုပ်ထုံးလုပ်နည်းကိုလွန်ဆန်မလား။ ဝန်ကြီးတွေရှိနေတဲ့ နေရာတွေ၊ မြို့တွေမှာ ပိုသုံးတယ်။ ဒါကို လွှတ်တော်ကနေ အမြဲထောက်ပြတယ်။ သို့သော် ပထမတစ်နှစ်၊ ဒုတိယတစ်နှစ် ဒီနေ့ ဒီအချိန်ထိ အဲဒီအတိုင်းဖြစ်နေတယ်။ အမှန်က ဒီဟာက တန်းတူညီမျှမှုမရှိဘူး။ တန်းတူညီမျှမရှိရင် ပြဿနာရှိလာမယ်။ သွေး ကွဲမှုတွေဖြစ်လာမယ်။ အဲဒါကို အစိုးရအဖွဲ့က ထိန်းကျောင်းပြီးတော့ တာဝန်ရှိသူ စီမံဘဏ္ဍာဝန်ကြီးကို ထိန်းကျောင်းရမယ်။ နောက်တစ်ချက်က ဝန်ကြီးချုပ်က ဒီဟာကို စိတ်ပါဝင်စားစွာနဲ့ မျှမျှတတဖြစ်သွားအောင် အမြဲတမ်း သူက ထိန်းကျောင်းပေးနေဖို့လိုတယ်။ တစ်မြို့နဲ့တစ်မြို့ အလွန်တရာ ကွာဟချက်ကြီးမားလွန်းတာတော့ မကောင်းဘူး” ဟု ဘူသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဇော်မြင့်မောင် ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်ကလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ မြို့နယ်အလိုက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေခွဲဝေရာ၌ ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများရှိသည့်မြို့နယ်များက ကျန်သည့်မြို့နယ်များထက် ဘတ်ဂျက်ပိုမိုရရှိခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။