ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေးကို အကြောင်းပြချက်မပေးပဲ ရပ်နားခဲ့ခြင်းဖြစ်ဟု ကချင်ပြည်နယ်လွှတ်တော်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဖွင့်ဟ

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေးကို အကြောင်းပြချက်မပေးပဲ ရပ်နားခဲ့ခြင်းဖြစ်ဟု ကချင်ပြည်နယ်လွှတ်တော်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဖွင့်ဟ

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၂၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို အကြောင်းပြချက်မပေးပဲ ရပ်နားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးအားဖုန်ကပြောသည်။

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၂၁ ကြိမ်မြောက်ပုံမှန် အစည်းအဝေးကို ဇန်နဝါရီ ၁၁ ရက် တနင်္လာနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပမည်ဖြစ်ကြောင်းကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂ ရက်က ကြေညာခဲ့သော်လည်း ၃ ရက်နေ့တွင် အစည်းအဝေးကျင်းပပြုလုပ်တော့မည်မဟုတ်ကြောင်း သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအား ပြန်လည်အကြောင်းကြားခဲ့ကြောင်း သိရသည်။

“အဲ့ဒါက ကျွန်တော်တို့ရုံးအဖွဲ့ကိုကျတော့ ဥက္ကဌက ပထမက ဒီ ၁၁ ရက် ၁၂ ရက်ပေါ့နော်။ ၁၁ ရက်နေ့စမယ်ဆိုပြီး ထုတ်တာပေါ့နော်။ ၃ ရက်နေ့ကျတော့ အစည်းအဝေးမလုပ်ဖြစ်တော့ဘူး။ ကိုယ်စားလှယ်တွေကို ပြန်အကြောင်းကြားပေးပါဆိုပြီးပြောတယ်။ ကျွန်တော်တို့လည်းအကြောင်းကြားတဲ့စာနဲ့ မလုပ်ဖြစ်တော့ကြောင်းပဲ ကိုယ်စားလှယ်တွေကို အသိပေးခဲ့ကြတယ်။ ဘာကြောင့်မလုပ်ဖြစ်တယ် ဆိုတာကျတော့ ကျွန်တော်တို့ကိုလည်း ဥက္ကဌက ဘာမှမပြောဘူး” ကချင်ပြည်နယ်လွှတ်တော်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးအားဖုန်က ပြောသည်။

အဆိုပါ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၂၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ရပ်နားခြင်းက သာမန်ဖြစ်စဉ်သာဖြစ်ကြောင်း ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက သုံးသပ်ပြောကြားခဲ့သည်။

“ကျွန်တော်တို့ကိုလဲ အခု သူတို့လွှတ်တော်ကနေစာပို့ပါတယ်။ မလုပ်ဖြစ်တော့ဘူးဆိုပြီး တကယ်တမ်းဖြေရင် ဒါလွှတ်တော်သက်တမ်းကတော့ သူ့သတ်မှတ်ထားတဲ့ ငါးနှစ်ကတော့ ပြည့်သွားပြီပေါ့။ အခု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ဆိုရင် ဒါ တတိယပုံမှန်ပေါ့နော်။ ဒါ ဒုတိယပုံမှန်ကတော့ ပြီးသွားပြီပေါ့။ တတိယပုံမှန် ပထမရက်တွေကို ပြန်လည် စတင်ရတော့မှာဖြစ်တော့လေ။ အဲ့အတွက် ပြင်ဆင်ရတော့မှာက တစ်ကြောင်းပေါ့နော် ဒါ သူ့ရဲ့လွှတ်တော်သက်တမ်းကလည်း ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် တစ်ကြောင်းပေါ့နော်။ အဲ့ဒါတွေနဲ့ပတ်သက်ပြီး ဆက်စပ်လိုက်တဲ့ အခါကျတော့ လွှတ်တော်ကို ပြန်လည်ပြီးတော့ ကျင်းပရန်မလိုတော့တဲ့အတွက်ကြောင့်မို့လို့ ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့ပဲ ကျွန်တော့အနေနဲ့ ယူဆပါတယ်” ဟု ဦးဒါရှီလဆိုင်းက ပြောသည်။

လွှတ်တော်ဆိုင်ရာ ဥပဒေအရ လွှတ်တော်သက်တမ်း စတင်သည့်နေ့တွင် ပြည်သူ့လွှတ်တော် စတင်ကျင်းပသည့်နေ့ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးများကို ပြည်သူ့လွှတ်တော်စတင်သည့်နေ့မှစ၍ ၁၅ ရက်အတွင်း ကျင်းပရမည်ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...