တတိယအကြိမ် မွန်ပြည်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ကျင်းပသွားရန်ရှိသည်ဟု လက်ရှိ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။
မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပြဌာန်းချက်အရ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမအစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေး စခေါ်သည်နေ့မှ ၁၅ ရက်အတွင်း ကျင်းပနိုင်သည်ဆိုပြီး ပြဌာန်းထားသည်။
“တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမအစည်းအဝေးကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ၁ ရက်နေ့ဆိုတော့ အန်တီတို့က ၈ ရက်နေ့လောက် ကျင်းပဖို့ ခန့်မှန်းထားတယ်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုး သားလွှတ်တော်က ၁ ရက်နေ့ဆိုတော့ အန်တီတို့ကို ဘာတွေပြန်လာအုံးမလဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို သူတို့ ဘယ်လိုစီမံ စီစဉ်အုံးမလဲမသိဘူး။ အန်တီကတော့ ပုံမှန်ဆိုရင် ၈ ရက်နေ့ ခေါ်ဖို့ စိတ်ကူးရှိတယ်” ဟု ၎င်းကပြောသည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကိုတော့ ဖေဖော်ဝါရီ ၁ ရက်တွင် စတင် ကျင်းပသွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမအစည်းအဝေးကို ဒုတိယအကြိမ် လွှတ်တော်ဥက္ကဋ္ဌက တာဝန်ယူကာ ခေါ်ယူကျင်းပပေးရမည်ဖြစ်ပြီး အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ၊ ဒု- ဥက္ကဋ္ဌရွေးချယ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုခြင်း အစီအစဉ်များ ပြုလုပ်သွားမည်ဟု လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမနေ့အစည်းအဝေးတွင် ပေါ်ပေါက်လာသည့် လွှတ်တော်ဥက္ကဌသစ်ထံ ဒုတိယအကြိမ်လွှတ်တော် ဥက္ကဌက လွှတ်တော်ဆိုင်ရာများ အလွှဲအပြောင်း ပြုလုပ်ရမည်ဖြစ်သည်။
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ရှစ်ဦး စုစုပေါင်း ကိုယ်စားလှယ် ၃၁ ဦးတို့တက်ရောက်ရမည်ဖြစ်သည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်ကကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်အရ မွန်ပြည်နယ်တွင် မွန်ညီညွတ်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD တို့ကသာ အနိုင်ရရှိထားခဲ့သည်။