ရွေးကောက်ခံအစိုးရမဖွဲ့စည်းမီကာလ တိုင်းရင်းသားနှင့်အစိုးရအကြား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ကရင်အမျိုးသားတိုင်း ကျရာအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ကြရန် ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ထည့်သွင်းပြောကြားခဲ့သည်။
KNU ဥက္ကဋ္ဌ ဇန်နဝါရီ ၁၃ ရက်တွင်ကျရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ပေးပို့သည့် သဝဏ်လွှာထဲ၌ အထက်ပါအတိုင်း ထည့်သွင်းထားတိုက်တွန်းထားခြင်းဖြစ်သည်။
KNU ဥက္ကဋ္ဌ၏ သဝဏ်လွှာထဲတွင် “လက်ရှိအချိန်တွင် ရွေးကောက်ခံအစိုးရ၏ အုပ်ချုပ်ရေး မဖွဲ့စည်းနိုင်သည့်ကာလတွင် တိုင်းရင်းသားများနှင့်အစိုးရအကြား တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ ထို့အတွက် KNU- ကရင်အမျိုးသား အစည်းအရုံးမှ ရည်ရွယ်ချက်အတိုင်း ဦးတည်လုပ်ဆောင်လျက်ရှိပါသည်။ ထိုကဲ့သို့ အောင်အောင်မြင်မြင် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် မိမိတို့ ကရင်အမျိုးသားတိုင်းသည်လည်း ကျရာအခန်းကဏ္ဍတွင် ပါဝင်လုပ်ဆောင်ကြရန် လိုအပ်ပါသည်” ဟု ပြောကြားထားသည်။
လက်ရှိတွင် ကရင်အမျိုးသား အစည်းအရုံး KNU နှင့်အတူ အခြားတိုင်းရင်းသားလက်နက်ကိုင် ခုခံတော်လှန်ရေးအဖွဲ့အစည်းအချို့မှ လက်နက်ဖြင့် တိုက်ပွဲဝင်ကြသည့် နည်းလမ်းများကို ရပ်ဆိုင်းထားပြီး အပစ်အခတ်ရပ်စဲကာ လူမျိုးတစ်မျိုးအနေဖြင့် ရသင့်ရထိုက်သည့် အခွင့်အရေးများအတွက် အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာနေသည်ဟု ဗိုလ်ချုပ်ကြီးစောမူးတူးစေးဖိုးက ပြောသည်။
အဆိုပါ သဝဏ်လွှာထဲတွင် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက “အပစ်အခတ်ရပ်စဲခြင်းသည် ငြိမ်းချမ်းရေးကို ဧကန်အမှန်ရရှိထားခြင်းမဟုတ်ပေ။ စစ်မှန်သော ငြိမ်းချမ်းရေးသည် မိမိတို့ ကရင်အမျိုးထုကြီးအပြင် မိမိတို့၏ ပြည်ထောင်စုအတွင်း နေထိုင်လျက်ရှိနေကြသော တိုင်းရင်းသား လူမျိုးတစ်မျိုးအဖြစ် လေးစားအသိအမှတ်ပြုပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုအပြင် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အပြည့်အ၀ရရှိပြီးသည့် အချိန်မှသာလျှင် ဖြစ်နိုင်ပါသည်။ ထိုအခွင့်အရေးများကိုလည်း နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်း ပြဌာန်းထားရှိရန် လိုအပ်ပါသည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့ ကရင်လူမျိုးများ၏ သမိုင်းတစ်လျှောက်တွင် အခြားလူမျိုးများနည်းတူ ရှင်သန်ရပ်တည်ပြီး ခောတ်နှင့်အညီ ရှင်သန်တိုးတက်နိုင်ရန် ဥပဒေဖြင့် အကာအကွယ်ပေးခြင်း၊ အခွင့်အရေးပေးထားခြင်းနှင့် အားပေးအားမြှောက်မှုများကို မရရှိခဲ့ကြောင်း၊ လွတ်လပ်မှု တန်းတူမှုနှင့် အမျိုးသားရေးအရ တရားမျှတမှုများအပြင် လူသားများဖြစ်သည့်အလျှောက် လူမျိုးတစ်မျိုး၏ ရပိုင်ခွင့်များဖြစ်သော နိုင်ငံရေး၊ စီးပွားရေးနှင့် လူ့အခွင့်အရေးများကို ရရှိခဲ့ခြင်းမရှိကြောင်း ၂၀၂၁ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့သို့ ပေးပို့သည့် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ သဝဏ်လွှာထဲတွင် ပါရှိသည်။
ထို့ကြောင့် မိမိတို့ ကရင်အမျိုးသားများမှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားအားထုတ်ခဲ့ကြရပြီး ထိုအခွင့်အရေးများကို ရရှိနိုင်ရန် နောက်ဆုံးတွင် မဖြစ်မနေ လက်နက်ကိုင် ခုခံတော်လှန်ခဲ့ကြရသည့်အဆင့်သို့ ရောက်ရှိခဲ့ကြသည့်အတွက် ကရင့်အမျိုးသားခေါင်းဆောင်များမှ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကရင့်အမျိုး သားများ၏ တာဝန်ပေးအပ်မှုအရ KNU-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် လက်နက်ကိုင် ခုခံတိုက်ပွဲဝင်ခဲ့ကြသည်မှာ နှစ်ပေါင်း ၇၀ ကျော်အထိရှိခဲ့ပါကြောင်း KUN ဥက္ကဋ္ဌ ကဆိုသည်။
သို့သော် လက်ရှိအချိန်တွင် အခြားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့်အတူ အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များကို အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာနေသည့်အချိန်တွင် ကရင်တိုင်းရင်းသားတိုင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ရန်လိုအပ်သည်ဟု ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ သဝဏ်လွှာထဲတွင် တိုက်တွန်းထားသည်။