နေရာအဆင်မပြေမှုကြောင့် NLD နှင့် ကယားတိုင်းရင်းသားပါတီတို့ တွေ့ဆုံဆွေးနွေးမည့်အစီအစဉ်ပျက်

နေရာအဆင်မပြေမှုကြောင့် NLD နှင့် ကယားတိုင်းရင်းသားပါတီတို့ တွေ့ဆုံဆွေးနွေးမည့်အစီအစဉ်ပျက်
by -
နော်ဒွေးအယ်ခူ (KT)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) တို့ တွေ့ဆုံမည့်နေရာ အဆင်မပြေမှုကြောင့် ဆွေးနွေးမည့်အစီအစဉ် ပျက်သွားခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ကယားပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီဖြစ်သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) နှင့် ယနေ့ (ဇန်နဝါရီ ၁၂ရက်) တွင် တွေ့ဆုံဆွေးနွေးရန်စီစဉ်ထားသော်လည်း နေရာအဆင်မပြေမှုကြောင့် တွေ့ဆုံမည့်အစီအစဉ်ပျက်သွားခဲ့ကြောင်း KySDP ပါတီအတွင်းရေးမှူး ဦးသဲရယ်က အတည်ပြုပြောကြားခဲ့သည်။

“ဒီမနက် ၇ နာရီကျော်မှာ ဒေါက်တာအောင်မိုးညိုက ဆက်သွယ်လာပါတယ်။ ဘယ်လိုလုပ်ကြမလဲပေါ့။ ကျွန်တော်ကတော့ ပါတီရဲ့ဆုံးဖြတ်ချက်အရဆိုလို့ရှိရင် ပါတီမှာပဲတွေ့ဖို့ရှိတယ်။ နောက်ဆုံးအဆင်မပြေရင် နှစ်ဖက်စလုံးအဆင်ပြေမယ့် နေရာတစ်နေရာပေါ့ လုပ်ကြရအောင် သူ့ကိုပြောတယ်။ ပါတီဖက်ကလည်း အဲလိုနေရာဆိုရင် အဆင်ပြေလောက်တယ်လို့ သူ့ကို ပြန်ပြောတယ်။ သူလည်းပြောပါတယ်။ ကျွန်တော်တို့ပါတီကလည်း ပါတီရုံးမှာပဲ တွေ့ဖို့ဆုံးဖြတ်ထားတဲ့အခါကျတော့ သူတို့ကလည်းတခြားနေရာသွားဖို့ အခြေအနေမရှိဘူး။ သူ အဲလိုပြောတာပေါ့။ ဆွေးနွေးမှုကတော့ အလုပ်မဖြစ်တော့ဘူးလားလို့ သူ့ကိုပြောတော့ ဒီအတိုင်းပဲထားလိုက်တာပေါ့ဆိုပြီး သူအဲလိုပြောလိုက်တာပေါ့။ ကျန်တာတော့ ဘားမှ မဆွေးနွေးလိုက်ရပါဘူး” ဟု ဦးသဲရယ်ကပြောသည်။

တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးရန် NLD ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်သုံးဦးဖြစ်သည့် မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်င်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် နှင့် ကချင်ပြည်နယ်မြစ်ကြီးနားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်တို့သည် ကယားပြည်နယ် လွိုင်ကော် မြို့သို့ ဇန်နဝါရီ ၁၁ ရက်က ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်း ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၂ရက် မနက်ပိုင်း၌ ကယားပြည်နယ် NLD ပါတီရုံး၌ ရွေးချယ်ခံကိုယ်စားလှယ်များ၊ ဗဟိုကော်မတီဝင်များနှင့်တွေ့ဆုံခဲ့ပြီး နေ့လည် ၁ နာရီတွင် တိုင်းရင်းသားပါတီနှင့်တွေ့ဆုံမည်ဖြစ်သော်လည်း ပြည်နယ်ပါတီရုံး၌ တွေ့ဆုံရန်စီစဉ်ထားခြင်းဖြစ်သည်။

“ကျွန်တော်တို့ကတော့ တရားဝင်ဖြစ်စေချင်တယ်။ နှစ်ဖက်စလုံး အပြန်အလှန်လေးစားတဲ့အနေနဲ့ပေါ့ ကျတော်တို့ကတော့ လေးစားပြီးသားပါ ဘယ်ပါတီပဲဖြစ်ဖြစ်ပေါ့။ ပြည်နယ်အရေး လူထုအရေးဆောင်ရွက်မယ်ဆိုရင်တော့ ကျွန်တော်တို့ လေးစားပြီးသားပါ။ အခု သူတို့လုပ်တဲ့အရဆို ကျွန်တော်တို့ကို သိပ်မလေးစားရာရောက်တယ်လို့ ခံစားရတာပေါ့။ အချိန်နီးကပ်ကြမှပဲ ကျွန်တော်တို့ကို အကြောင်းကြားတာဖြစ်တယ်။ ဒီရောက်မှပဲ ကျွန်တော် တို့ကို ဆက်သွယ်တာဖြစ်တဲ့တွက် အဲဒီအပေါ်မှာလည်း ကျွန်တော်တို့က တစ်မျိုးဖြစ်တာပေါ့။ ကျွန်တော်တို့ကို လေးစားတန်ဖိုးထားမှုက နည်းတယ်လို့ အဲလိုခံစားရတာပေါ့” ဟု ဦးသဲရယ်က ဆက်ပြောသည်။

NLD ကိုယ်စားလှယ်အနေဖြင့် ကယားပြည်နယ် NLD ပြည်နယ်ရုံး၌ တွေ့ဆုံရန် ဗဟိုမှဆုံးဖြတ်ထားပြီး အခြားနေရာတွင် တွေ့ဆုံပါက တိုင်းရင်းသားပါတီများအကြား စိတ်ဝမ်းကွဲမှုဖြစ်စေနိုင်ကြောင်း NLD ပါတီမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါက်တာအောင်မိုးညိုက ပြောသည်။

“ကျွန်တော်တို့ကလည်းပဲ ကချင်ပြည်နယ်မှာလည်း ပြည်နယ် NLD ရုံးမှာပဲတွေ့တယ်။ မွန်ပြည်နယ်မှာလည်း ဒီလို NLD ရုံးမှာပဲတွေ့တယ်။ နောက်တစ်ခါ ကယားပြည်နယ်ကိုရောက်မှ တစ်နေရာသွားတွေ့တာမရဘူး။ ဒီလိုမျိုးသွားတွေ့ရင် တိုင်းရင်းသားတွေကြားထဲမှာ စိတ်ဝမ်းကွဲအောင်လုပ်တယ်ဆိုပြီးတော့မှ ပြောခံရမှာ။ ဒါကြောင့်မလို့လည်း ကျွန်တော်တို့ ဗဟိုအလုပ်အမှုဆောင်ဆုံးဖြတ်ချက်အတိုင်းပဲ ကယားပြည်နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရုံးမှာပဲတွေ့ဖို့ဆုံးဖြတ်ထားပါတယ်” ဟု ဒေါက်တာအောင်မိုးညိုကပြောသည်။

NLD ပါတီအနေဖြင့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့်အစီအစဉ်တွင် ပထမဦးဆုံး ခရီးစဉ်အဖြစ် ကချင်တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့ပြီး ဒုတိယခရီးစဉ်ဖြစ်သည့် မွန်ညီညွတ်ရေးပါတီနှင့် တွေ့ဆုံရာတွင် နေရာညှိမရသည့်အတွက် တွေ့ဆုံပွဲပျက်ခဲ့သေးသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...