ရွေးကောက်ပွဲလွန်ကာလ တပ်မတော်အနေဖြင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် ဆက်ဆံရေးတိုးတက်လာသော်လည်း ကချင်လက်နက်ကိုင်အဖွဲ့ KIO/KIA ဖြင့် စစ်ရေးတင်းမာမှု မြင့်တက်လာလျက်ရှိကြောင်း သိရသည်။
တပ်မတော်အနေဖြင့် ဝိုင်းမော်ဒေသရှိ KIA စခန်းတစ်ခုကို တပ်မတော်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး နောက်ဆက်တွဲ ပစ်ခတ်တိုက်ခတ်မှုများမရှိသော်လည်း နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာမှုများရှိနေကြောင်း KIO မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တပ်မတော်အနေဖြင့် ဇန်နဝါရီ ၇ ရက်တွင် ဝိုင်းမော်မြို့နယ်အရှေ့ဘက် ဝါးရှောင်ကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ ရှေ့တန်းစခန်းတစ်ခုကို လက်နက်ကြီးဖြင့် အနည်းဆုံး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ပစ်ခတ်တိုက်ခိုက်မှုကို နန်ဇော်တွင်အခြေချနေသော တပ်မတော် ခမရ ၃၈၉ စစ်ကြောင်းက ပြုလုပ်ခြင်းဖြစ်သည်ဟု ယူဆရပြီး KIA ၏ ရှေ့တန်းစခန်းဖြစ်သော Wa Shaga Bum ကို ပစ်ခတ်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ တပ်မတော်ဘက်က လက်နက်ကြီးပစ်ခတ်သည့်သတင်းကို ရရှိသော်လည်း အသေးစိတ်အချက်အလက်ကို မသိရှိရသေးကြောင်း KIO ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောသည်။
ထိုလက်နက်ကြီးပစ်ခတ်သည့် အသံများကြောင့် နန်ဇော်အနီးတစ်ဝိုက်တွင် တောင်ယာလုပ်ကိုင်နေသော ဒေသခံများ ခေတ္တတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။
ဝိုင်းမော် လမြန်-မုတ်ကြိတ်ဘက်မှ ဝင်ရောက်ရသော နန်ဇော်ကျေးရွာဘက်တွင် တပ်မတော်စစ်ကြောင်းက လှုပ်ရှားမှုများရှိလာသောကြောင့် ထိုနေရာတွင် တောင်ယာလုပ်ကိုင်နေသော ပြည်သူများကို စပါးအမြန်ရိတ်သိမ်းရန် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းကနေ KIA ဘက်က သတိပေးထားကြောင်း သိရသည်။
ရွေးကောက်ပွဲနောက်ပိုင်းတွင် တပ်မတော်အနေဖြင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တွင်ပါဝင်သည့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် ဆက်ဆံရေးတိုးတက်လာပြီး နှစ်ဖက်တိုက်ပွဲများမဖြစ်ပွားသည်မှာ နှစ်လကျော်ရှိပြီဖြစ်သော်လည်း ကချင်လက်နက်ကိုင်အဖွဲ့ KIA နှင့် စစ်ရေးတင်းမာလာခြင်းဖြစ်ပြီး အချိန်မရွေးထိတွေ့မှုများဖြစ်လာနိုင်သည်ဟု ဆိုသည်။
မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တွင် ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ ပါဝင်သည်။