၂၀၂၀ ရွေးကောက်ပွဲလွန်ကာလ ရှမ်းပြည်နယ်၌ တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာနေရပြီး စစ်ဘေးရှောင်ဦးရေ ၃၇၀၀ ကျော်ရှိလာကြောင်း သိရသည်။
အဆိုပါပြည်နယ်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား တိုက်ပွဲများ ရွေးကောက်ပွဲအပြီး တစ်လကျော်အကြာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှ စတင်ဖြစ်ပွားခဲ့ပြီး ယနေ့ချိန်ထိနှစ်အဖွဲ့အစည်းကြား တင်းမာမှုများကြောင့် ဒေသခံများ နေရပ်စွန့်ခွာခဲ့ရကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများကြောင့် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ တော့ဆန်ကျေးရွာအုပ်စုတွင် စစ်ဘေးရှောင် ၁၈၄၆ ရှိပြီး၊ ကျောက်မဲမြို့ပေါ်တွင်လည်း စစ်ဘေးရှောင် ၁၀၀၇ ဦးနှင့် နမ္မတူမြို့နယ်တွင် စစ်ဘေးရှောင် ၈၆၉ ဦးရှိကြောင်း စုံစမ်းသိရသည်။
နမ့်စလင်း ကျောင်းဆရာတော် ဉာဏဝရ (ဓမ္မစာရိယ) က “ပြီးခဲ့တဲ့နေ့တွေက သံယာတော်တွေ၊ နမ့်ခုံးပရဟိတအဖွဲ့တွေနဲ့သွားပြီးတော့ ဆန်ဘက်က စစ်ဘေးရှောင်တွေကို သွားရောက်လှူတဲ့ချိန်မှာ သေနတ်သံတွေ တစ်ချက်တစ်ချက် ကြားနေရတုန်းပဲ။ ဆောင်းရာသီဖြစ်လို့ စစ်ရှောင်တွေအတွက်တော့ စောင်တွေ အခင်းတွေ လိုအပ်နေတယ်” ဟု မိန့်ကြားခဲ့သည်။
စစ်ဘေးရှောင်များအနေဖြင့် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ အုပ်စု ပါခါးဘုန်းကြီးကျောင်းတွင် ၄၂၂ ဦး၊ ညောင်မောင်းဘုန်းကြီးကျောင်းတွင် ၆၀၈ ဦးနှင့် ရွှေကျောင်းနှင့် သီရိမင်္ဂလာမြောက်ကျောင်း တွင် ၈၁၆ ဦး စုစုပေါင်း ၁၈၄၆ ဦးရောက်ရှိနေကြောင်း သိရသည်။
ကျောက်မဲမြို့ပေါ် စစ်ဘေးရှောင်နှင့်ပတ်သက်၍ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်နေရာ၌ အနိုင်ရထားသည့် စိုင်းအောင်မြင့် က“ လွန်ခဲ့တဲ့ ၂ ရက်က စာရင်းအရ စစ်ဘေးရှောင်တွေ စုစုပေါင်း ၁၀၀၇ ဦး ရှိပါတယ်။ လွယ်အံ၊ ကောင်းခါးနဲ့ နမ့်ဆန်ဘက်သွားတဲ့ ကားလမ်းမကြီးဘေးက ကျေးရွာတွေမှာဖြစ်ပါတယ်” ဟု ဆိုသည်။
ထို့အတူ နမ္မတူမြို့နယ် မန်စံကျေးရွာတွင် စစ်ဘေးရှောင် ၂၄၉ ဦးနှင့် နားဆိုင်းစာသင်ကျောင်းတွင် စစ်ဘေးရှောင် ၆၂၀ ကျော်ရှိကြောင်းသိရသည်။
ယခုအခါ ယင်းလက်နက်ကိုင်နှစ်ဖွဲ့အကြား နှစ်ပတ်နီးပါးကြာဖြစ်ပွားခဲ့သည့်တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ရေးတင်းမာများကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။