နှင်းနှင်း — ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့ကစ၍ လက်ရှိအချိန်ထိ တစ်ပြည်နယ်လုံးတွင် ကိုဗစ်ပိုးကူးစက်ခံရသူ စုစုပေါင်း (၂၇၇) ဦးနှင့် သေဆုံးသူ (၃) ဦးထိလာပြီဟု ချင်းပြည်နယ်၊ ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်မှူး ဒေါက်တာအောင်ငွေစံ ကပြောသည်။
“တပြည်နယ်လုံးက (၂၇၇) ဦးရှိတယ်၊ ဟားခါး ၃၉၊ ထန်တလန် ၃၊ ဖလမ်း ၁၇၊ တီးတိန် ၈၇၊ တွန်းဇံ ၂၂၊ မင်းတပ် ၅၆၊ ကန်ပလက် ၆၊ မတူပီ ၃၁၊ ပလက်ဝ ၁၆ ဦး ဖြစ်တယ်၊ သေဆုံးတဲ့သူက ၃ ယောက်ရှိတယ်၊ သူတို့ ၃ ယောက်လုံးက သေပြီးမှ ပိုးရှိမရှိ စစ်ဆေးကြည့်တဲ့အခါ ကိုဗစ်ပိုး ကူးစက်ခံရတာကို သိရတာဖြစ်တယ်” ဟုပြောသည်။
ချင်းပြည်နယ်တွင် ကိုဗစ်ကြောင့် သေဆုံးခဲ့သူ (၃) ဦးမှာ ရန်ကုန်မြို့တွင် သွေးကင်ဆာရောဂါဖြင့် ဆေးကုသမှုခံယူပြီး မတူပီမြို့သို့ပြန်လာရာတွင် Facility Quarantine ထားရာမှ စက်တင်ဘာလ (၂၉) ရက်နေ့ကသေဆုံးသူ (၁) ဦး၊ ဒီဇင်ဘာလ (၂၆) နေ့တွင် တွီးထန်ကျေးရွာမှ အသက် (၆၃) နှစ်အရွယ် နှလုံးရောဂါအခံရှိသူ အမျိုးသား (၁) ဦးနှင့် တီးတိန်မြို့မှ အသက် (၇၅) အနှစ်အရွယ် သွေးတိုးရောဂါခံရှိသူ အမျိူးသား (၁) ဦး တို့ဖြစ်ကြသည်။
တီးတိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးဒေသအတွင်း ကူးစက်မှုမြင့်တက်လာပြီး သေဆုံးသူ (၂) ဦးအထိရှိလာပြီး ဖြစ်ပေမယ့် Stay At Home ပြုလုပ်ရန်အစီစဉ်ဆောင်ရွက်နေခြင်းမရှိသေးပဲ စောင့်ကြည့်နေဆဲကာလဖြစ်နေသေးကြောင်း ဒေါက်တာအောင်ငွေစံက ဆက်ပြောသည်။
“လတ်တလောတော့ ကျွန်တော်တို့စောင့်ကြည့်နေဆဲအတိုင်း အတာပဲဖြစ်ပါတယ်၊ ပြည်သူလူထု ရဲ့လိုက်ပါဆောင်ရွက်မှု အားကောင်းဖို့အတွက်တွန်းအား ပေးနေတဲ့အတိုင်းအတား ပဲရှိပါတယ်၊ လတ်တလောအနေအထားမှာ စောင့်ကြည့်နေပြီး တော့ Stay At Home ကိုလုပ်ဖို့အတွက်လတ်တလောမှာ စီစဉ်ဆောင်ရွက်နေခြင်းမရှိသေးပါဘူး စောင့်ကြည့်နေတဲ့ အနေအထားမှာရှိပါတယ်၊ ဒီကနေပြီး တော့ကိန်းဂဏန်းအရမ်းများလာခဲ့ရင်တော့ကျွန်တော်တို့ ပြည်နယ်မှာတိုင်ပင်မယ်၊ ဗဟိုကို တင်ပြလမ်းညွှန်မှုခံယူပြီးတော့ လမ်းညွှန်ချက်အတိုင်းဆောင်ရွက်သွားမယ်” ဟု ဒေါက်တာအောင်ငွေစံက ပြောသည်။
ချင်းပြည်နယ်တွင်လက်ရှိအချိန်ထိ မြို့နယ်အလိုက်ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိသူ တီးတိန်တွင် (၁၅) ဦး၊ တွီးထန် (၂၁) ဦး၊ ဟားခါး (၅) ဦး၊ ထန်တလန် (၂)၊ မင်းတပ် (၁) ဦး၊ မတူပီ (၆) ဦး၊ ကန်ပလက် (၄) ဦး စုစုပေါင်း (၅၂) ဦးတို့ဖြစ်ကြောင်း သိရသည်။