ရွေးကောက်ပွဲနှင့် ကိုဗစ်ဖြစ်ပွားမှုများကြောင့် ရပ်ဆိုင်းနေသော အစိုးရနှင့်မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့၏ ဆွေးနွေးမှုများ ဇန်နဝါရီလအတွင်း ပြန်လည်ပြုလုပ်ဖွယ်ရှိကြောင်း ကြားဝင်စေ့စပ်ညှိနှိုင်းပေးနေသည့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။
အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့သည် ရွေးကောက်ပွဲကြောင့် သော်လည်းကောင်း၊ ကိုဗစ်ကပ်ရော ဂါကြောင့် သော်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ တွေးနွေးပြန်လည် ပြုလုပ်ရန် အလားအလာရှိနေသည်ဟုဆိုသည်။
ဦးလမိုင်ဂွမ်ဂျာက “သူတို့အခုက ဒီခရစ်စမတ်နဲ့ နယူးယားအချိန်မို့လို့ သူတို့ လူကြီးလည်း မစုံမလင်ဖြစ်နေ တာနဲ့ နောက်ပြီး တစ်ဖွဲ့ပဲ မဟုတ်ဘူး သူတို့က လေး ဖွဲ့ ဆိုတော့ အားလုံး စုံနိုင်ဖို့အတွက်လည်း အခက်အခဲ လည်း နည်းနည်းရှိလို့ သူတို့အားလုံး တွေ့ဆုံနိုင်မှသာလျှင် သူတို့က အကြောင်းပြန်မယ်လို့ ပြောတယ်။ အစိုးရဖက်ကတော့ ဇန်နဝါရီလ ဒုတိယအပတ်လို့တော့ ပြောပေမယ့် သူတို့ဖက်ကတော့ ဇန်နဝါရီလ မကုန်ခင် တော့ တွေ့ဖြစ်အောင်တွေ့မယ်ဆိုတဲ့ သဘောထားတော့ စကားပါးတာတော့ရှိတယ်” ဟုပြောသည်။
အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့တို့သည် တရုတ်နိုင်ငံ ကူမင်မြို့တွင် ၂၀၁၉ခုနှစ်အတွင်းက အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ထပ်မံတွေ့ဆုံရန် သဘောတူထားသော်လည်း တွေ့ဆုံမည့် နေရာ ညှိနှိုင်းရာတွင် အဆင် မပြေခြင်း၊ ကိုဗစ်ကပ်ရောဂါကြောင့် သွားလာရန် ခက်ခဲခြင်းများနှင့် ရွေး ကောက်ပွဲ ရှိနေခြင်း များ ကြောင့် တွေ့ဆုံမှုများမှာ ဖြစ်မလာပဲ ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။
သို့သော် ရွေးကောက်ပွဲ ကျင်းပပြီးစီးသည်ကတစ်ကြောင်း ကိုဗစ်ကပ်ရောဂါလည်း အတော်အတန် ထိန်း ချုပ်လာနိုင်သည့်အတွက် နှစ်ဖက်ဆွေးနွေးပွဲများကို ပြန်လည်စတင်ရန် လုပ်ဆောင်လာခဲ့ကြသည်ဟု သိရသည်။
ယခုလအတွင်း တွေ့ဆုံမည့် နေရာကို အစိုးရဖက်မှ မြစ်ကြီးနားနှင့်ကျိုင်းတုံမြို့တွင်ပြုလုပ်ရန် အဆိုပြုထားသော်လည်း မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များ ပြန်တင်ပြလာသည့် အနေအထားအပေါ် မူတည်ပြီး တွေ့ဆုံမည့် နေရာနှင့် အချိန်ကို ဆက်လက်ညှိနှိုင်းသွားရန်ရှိသည်ဟု ဆိုသည်။
ဦးလမိုင်ဂွမ်ဂျာက “အစိုးရဖက်ကတော့ မြစ်ကြီးနားနဲ့ ကျိုင်းတုံမှာ တွေ့ဖို့အတွက် ပြောတယ်။ ဒါပေ မယ့်လည်း သူတို့ မြောက်ပိုင်း အဖွဲ့ကနေပြီးမှ ဘယ်နေရာ ဘယ်မှာ တွေ့ဖို့ဆိုတာ သူတို့အနေနဲ့ ပြန် တင်ပြလာတဲ့ အပေါ်မှာပဲ မူတည်ပြီး နှစ်ဖက် ညှိနှိုင်းပြီးမှပဲ ဘယ်နေရာမှာ တွေ့ဆုံမယ်ဆိုတဲ့ဟာက အဲဒီနောက်ပိုင်းမှပဲ သိရမယ်။ အခုလောလောဆယ်တော့ ဘာမှ မသိရသေးဘူး” ဟု ပြောသည်။
အစိုးရဖက်မှ အဆိုပြုထားသည့် နေရာများတွင် တွေ့ဆုံမည်ဆိုပါက တပ်မတော်လည်း အဆိုပါတွေ့ဆုံမှု တွင် ပါဝင်လာနိုင်သည်ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။
“ပါမှာပါ။ သူတို့မှာ မြို့ပေါ်မှာ ဖြစ်ရင်ကတော့ သူတို့ အစိုးရအဖွဲ့ရော NRPC အဖွဲ့ဝင်ထဲမှာပါဝင်တဲ့ တပ်မ တော်ရော အစိုးရဖက်ကရော သူတို့အားလုံးပါနိုင်တဲ့ အခြေအနေလို့ သိရတယ်”ဟု ၎င်းက ပြောသည်။
အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံမည့် အခြေအနေနှင့် ပတ်သက်၍ မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များ၏ သဘောထားကို သိရှိနိုင် ဆက်သွယ်သော်လည်း မရခဲ့ပေ။
အစိုးရ၊ တပ်မတော်တို့နှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိပြီး မြောက်ပိုင်း မဟာ မိတ် လေးဖွဲ့တွင် ကချင်လက်နက်ကိုင်အဖွဲ့ KIO/KIA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNTJP/ MNDAA)၊ တအန်း (ပလောင်) လက်နက်ကိုင်အဖွဲ့ PSLF/ TNLA တို့ ပါဝင်သည်။