NLD နှင့် မွန်ညီညွတ်ရေးပါတီ တွေ့ဆုံဆွေးနွေးအစီအစဉ် နေရာညှိမရ၍ပျက်

NLD နှင့် မွန်ညီညွတ်ရေးပါတီ တွေ့ဆုံဆွေးနွေးအစီအစဉ် နေရာညှိမရ၍ပျက်

NLD နှင့် မွန်ညီညွတ်ရေးပါတီ (MUP) တို့ ဒီကနေ့ ဇန်နဝါရီ ၄ ရက် မနက်ပိုင်း ၉ နာရီတွင် တွေ့ဆုံဆွေးနွေးရန် သဘောတူထားသော်လည်း တွေ့ဆုံမည့်နေရာ ညှိနှိုင်းမရခဲ့ခြင်းကြောင့် အစီအစဉ်ပျက်ပြားခဲ့ကြောင်း သိရသည်။

 

MUP အနေဖြင့် NLD ၏ ကမ်းလှမ်းချက်အတိုင်း တွေ့ဆုံဆွေးနွေးရန် နေ့ရက်နှင့်အချိန်ကို လက်ခံသော်လည်း တွေ့ဆုံမည့်နေရာအား တတိယနေရာကိုရွေးချယ်ဖို့ MUP တောင်းဆိုခဲ့ရာ ချိန်းဆိုထားချိန်ထိ အကြောင်းပြန်လာခြင်းမရှိကြောင်း MUP တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။

 

"ကျွန်တော်တို့ တောင်းဆိုတဲ့ တတိယနေရာဆိုတာက ဘယ်နေရာ အတိအကျသတ်မှတ်ပြီး မေတ္တာရပ်ခံတာမဟုတ်ဘူးလေ။ တတိယနေရာ တစ်နေရာဆို ဘယ်နေရာမှာမဆို ကျွန်တော်တို့က လက်ခံတွေ့ဆုံမယ်လို့ ပြောထားပါတယ်။ အဲဒီအပေါ်မှာတော့ ကျွန်တော်တို့က မပြောင်းလဲဘူး။ သို့သော် ဆွေးနွေးပွဲက ဖြစ်လာမလား မဖြစ်လာတော့ဘူးလားဆိုတာကတော့ NLD ရဲ့ သဘောထားအပေါ်မှာ မူတည်ပါလိမ့်မယ်” ဟု မွန်ညီ ညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူက ယနေ့မနက်  ၉ နာရီတွင် ပြောသည်။

 

ယင်းသို့ နေရာပြောင်းလဲ တွေ့ဆုံရန် NLD ၏ ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင် စတင်ဖိတ်ခေါ်ခဲ့သည့် ဇန်နဝါရီ ၂ ရက် မွန်းလွဲပိုင်းကတည်းက MUP ဘက်က တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“အခုလို ကျွန်တော်တို့ဘက်က မေတ္တာရပ်ခံတာကတော့ ကျွန်တော်တို့ တစ်ဖက်သတ်မကျဘူးလို့ပဲ ခံယူပါတယ်။ ပါတီအချင်းချင်း အပြန်အလှန်လေးစားမှု၊ တန်းတူထားမှုအပေါ်မှာ အခြေခံပြီးတော့ တတိယနေရာရွေးချယ်ဖို့ တောင်းဆိုတာပါ။ ဒါကြောင့်မို့ ဒါဟာ တစ်ဖက်သတ် မကျဘူးလို့ ကျွန်တော်တို့ ခံယူပါတယ်” ဟု ၎င်းကပြောသည်။

 

NLD အနေဖြင့် မူလချိန်းဆိုထားသည့် မော်လမြိုင်မြို့ ဖက်တန်းရပ် ကမ်းနားလမ်းရှိ NLD မွန်ပြည်နယ်ရုံးတွင် တွေ့ဆုံဆွေးနွေးရန် မနက် ၁၀ နာရီအထိ စောင့်ဆိုင်းခဲ့သော်လည်း တစ်ဖက်က မလာရောက်ခဲ့ကြောင်း NLD ကိုယ်စားလှယ်အဖွဲ့ဦးဆောင်သူ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

 

“ကျွန်တော်တို့ ပြည်နယ်တွေမှာ သွားပြီးတော့ကာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့တဲ့အချိန်မှာ ပြည်နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ပြည်နယ်ရုံးမှာပဲ တွေ့ပါဆိုတဲ့ ညွှန်ကြားချက်ရှိတယ်။ ကျွန်တော်တို့ မြစ်ကြီးနားမှာတုန်းကလည်း ဒီလိုပဲ တိုင်းရင်းသားနိုင်ငံရေးပါတီသုံးခုနဲ့ တွေ့ခဲ့တယ်” လို့ ဒေါက်တာအောင်မိုးညိုက ယနေ့မနက် ၁၀ နာရီခန့်၌ ပြောသည်။

 

MUP အနေဖြင့် NLD နှင့်တွေ့ဆုံပါက အခြေပြုဆွေးနွေးမယ့် အကြောင်းအရာများကို အသင့်ပြင်ဆင်ထားပြီးဖြစသည်ဟု ဆိုသည်။

 

NLD အနေဖြင့် ၂၀၂၁ ဇန်နဝါရီ ၁ ရက်နေ့မှာ ကချင်ပြည်နယ်မှာ ဒေသတွင်း အနိုင်ရပါတီများမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့ပြီး နှစ်ရက်အကြာ ဇန်နဝါရီ ၃ ရက်တွင် မွန်ပြည်နယ်ကို ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မွန်ပြည်နယ်တွင် NLD က တိုင်းရင်းသားရေးရာမဲဆန္ဒနယ်များဖြစ်သည့် ကရင်၊ ဗမာ၊ ပအိုဝ်း နေရာသုံးခုအပါအဝင် နေရာပေါင်း ၃၄ နေရာတွင် အနိုင်ရရှိခဲ့ပြီး MUP က ၁၁ နေရာ အနိုင်ရရှိခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...