လာမည့်အစိုးရသက်တမ်းတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများကို နေရာပေးရန်အပါအဝင် တန်းတူရေး ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးများကို တိုင်းရင်းသားပါတီများဖက်မှ တင်ပြဆွေးနွေးခဲ့ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာအောင်မိုးညိုကပြောသည်။
ဒေါက်တာ အောင်မိုးညိုက “အောင်မြင်ပါတယ်။ အကုန်လုံး ညီအစ်ကို မောင်နှမတွေလိုပဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာပါ။ သူတို့ တိုင်းရင်းသားတွေက ကိုယ်ပိုင် အုပ်ချုပ်ရေးတို့ ဖက်ဒရယ်ကိစ္စတို့ တန်းတူညီမျှရေး တို့ အဲဒါတွေပြောတယ်။ နောက်တစ်ခါ အစိုးရတို့ လွှတ်တော်တို့မှာ Check and Balance သေချာအောင် ကောင်းအောင်လို့မို့လို့ တိုင်းရင်းသား ပါတီတွေကိုလည်း နေရာပေးစေချင်တယ်။ အဲဒါတွေပြောတာပါ” ဟုပြောသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဒေါက်တာ အောင်မိုးညို ဦးဆောင်သော NLD ပါတီမှ ကိုယ် စားလှယ်များနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များတို့ တွေ့ဆုံစဉ်တွင် တိုင်း ရင်းသား နိုင်ငံရေး ပါတီများဖက်မှ တင်ပြဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။
တိုင်းရင်းသားပါတီများဘက်မှ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ပါ ကတိကဝတ်များကို အကောင်အထည်ဖော်ပေးရန်နှင့် လက်ရှိ NLD က ကြွေးကြော်ထားသည့် အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့ရာတွင် NLD အနေဖြင့် အဓိက ထည့်သွင်းစဉ်းစားရမည့် အချက်များကို တင်ပြဆွေးနွေးခဲ့သည်ဟု ဆွေးနွေးပွဲတွင်ပါဝင်သူ ကချင်ပြည်နယ် ပြည်သူ့ပါတီမှ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ပြောသည်။
ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ဒေါက်တာမနမ်တူးဂျာက “NLD အစိုးရ အနေနဲ့ သဘောထားကြီးကြီးထားပြီးမှ ဒီအစိုးရကောင်းတွေ ဖွဲ့စည်းနိုင် ရေးကို တိုင်းရင်းသားညီညွတ်ရေးအစိုးရဆိုတဲ့ ပေါ်လစီအောက်မှာပေါ့လေ လုပ်ဆောင်သွားလို့ရှိရင်တော့ အများကြီး အကျိုးရှိနိုင်တယ်ပေါ့။ အဲဒါတင်ပြတာ။ နောက်ပြီးတော့မှ ဒီအာဏာသုံးရပ်ကို ဥပဒေပြုအာဏာ အုပ်ချုပ်မှုအာဏာ တရားစီရင်ရေးအာဏာဆိုတာရှိတယ်။ ဖက်ဒရယ်မူမှာလည်းရှိတယ်။ အဲဒီမှာ အဓိကကတော့ ဥပဒေပြုအာဏာနဲ့ အုပ်ချုပ်မှုအာဏာက လက်တွေ့မှာ အင်မတန် အရေးကြီးပါတယ်။ ဒီနှစ်ခုက ဘာလဲ ဆိုလို့ရှိရင်တော့ အာဏာချိန်ခွင့်လျှာညှိတာ Check and Balance လုပ်နိုင်တယ်။ ဒီနှစ်ဟုဟာ ဒါကြောင့် ဒီဟာကို တာဝန်ယူသွားတဲ့အပိုင်းမှာကျတော့ သီးခြားပါတီ ပါတီခွဲအဖြစ် တာဝန်ယူသွားတာ ကောင်းတယ်။ ပါတီတစ်ခုတည်း တာဝန်ယူသွားတာမျိုးမဟုတ်ပဲနဲ့ ဝန်ကြီးချုပ် လွှတ်တော် ဥက္ကဋ္ဌတွေဟာ ပါတီခွဲပြီးမှ တာဝန်ယူတာ ကောင်းတာဆိုတာ အမြင်တင်ပြတာပါ” ဟုပြောသည်။
NLD ပါတီ၏ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းမည့် မူပေါ်လစီအသစ်သည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြီးမားသည့် ခြေလှမ်းသစ်ကို စတင်လိုက်သည့်အတွက် သေချာပုံဖော်ရန်လိုအပ်ကြောင်းနှင့် NLD အနေဖြင့် ပါတီစွဲမထားပဲ ဗဟိုမှာရော ပြည်နယ်တွေမှာပါ ကောင်းမွန်သည့် အစိုးရတစ်ရပ်ဖြစ်လာစေရန် တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းညှိနှိုင်းလုပ်ဆောင်ရန် လိုအပ်သည်ဟု KSPP ဥက္ကဋ္ဌကဆိုသည်။
တိုင်းရင်းသားအခွင့်အရေးများကို အာမခံချက်ပေးထားသည့် ၁၉၄၇ ပင်လုံကတိကဝတ်များအား အကောင်အထည်ဖော်ပေးရေးနှင့် ပတ်သက်၍လည်း ဒေါက်တာမနမ်တူးဂျာက ယခုလိုပြောသည်။
“အဲဒါက ဘယ်အပေါ်မှီတင်လည်းဆိုရင် ၄၇ ပင်လုံညီလာခံ၊ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ ကတိကဝတ်စကားတွေကို မှီတင်တာဖြစ်ပါတယ်။ အဲဒီမှာ ၄၇ ပင်လုံညီလာခံရဲ့ သဘောတူညီချက် သူက အချက်တွေဟာ ကိုးချက်၊ ဒီကိုးချက်ထဲမှာ နံပါတ် ၅ နဲ့ နံပါတ် ၇ က အဓိကကျပါတယ်။ ဒါပဲ ကျွန်တော်တို့က ရည်ညွှန်းတာဖြစ်တယ်။ အဲဒါမှာ နံပါတ် ၇ ကတော့ ပြည်နယ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝရဖို့ပေါ့။ နံပါတ် ၇ ကတော့ ဒီမိုကရေစီအခွင့်အရေး အားလုံးတန်းတူအခွင့်အရေးရရှိဖို့ ဒါတွေကို ကျွန်တော့်က အဓိက ရည်ညွှန်းတာဖြစ်တယ်ဆိုတာ ရှင်းပြလိုက်ပါတယ်”
ယနေ့တွေ့ဆုံပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ NLD ပါတီ ရုံးချုပ်တွင်ကျင်းပပြုလုပ်ခဲ့ကြပြီး တိုင်းရင်းသားပါတီသုံးခုဖြစ်သည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ၊ ဒီမိုကရေစီပါတီသစ် (ကချင်) NDP – K မှ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် တိုင်းရင်းသားနိုင်ငံရေးပါတီ သုံးပါတီလုံး၏ တင်ပြချက်များမှာ တူညီနေကြောင်း ဒေါက်တာမနမ်တူးဂျာက ဆိုသည်။
တွေ့ဆုံပွဲသို့ KSPP ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ၊ ဦးဆမ်အောင်၊ ဦးလမာနော်အောင်၊ LUDP မှ ဦးရွှေမင်း၊ ဦးရွှေလေး၊ ဒီမိုကရေစီပါတီသစ် (ကချင်) NDP- K မှ ဦးခေါတိန့်တို့ တက်ရောက်လာကြပြီး NLD ဖက်မှ ဒေါက်တာအောင် မိုးညို၊ ဒေါ်နန်းထွေးမြင့်၊ ဦးအင်ထုံခမ်းနော်ဆမ်၊ တို့ ၃ ဦးနှင့်အတူ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်တို့ တက်ရောက်ခဲ့ကြသည်။