ရွေးကောက်ပွဲအနိုင်ရအစိုးရအနေဖြင့် ပြည်သူလူထုအပေါ် တာဝန်ယူမှုနည်းပါးခြင်းက ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေခဲ့ဟု KCSN မှ ညှိနှိုင်းရေးမှူး ခူးကိုရယ်ဝေဖန်

ရွေးကောက်ပွဲအနိုင်ရအစိုးရအနေဖြင့် ပြည်သူလူထုအပေါ် တာဝန်ယူမှုနည်းပါးခြင်းက ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေခဲ့ဟု KCSN မှ ညှိနှိုင်းရေးမှူး ခူးကိုရယ်ဝေဖန်
by -
နော်ဒွေးအယ်ခူ (KT)

လက်ရှိရွေးကောက်ပွဲ အနိုင်ရအစိုးရအနေဖြင့် ပြည်သူလူထုအပေါ် တာဝန်ယူမှုနည်းပါးခြင်းကြောင့် ကယားပြည်နယ်၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အဟန့်အတားဖြစ်စေခဲ့ကြောင်း Karenni Civil Society Network (KCSN) အဖွဲ့က ညှိနှိုင်းရေးမှူး ခူးကိုရယ်က ဝေဖန်ခဲ့သည်။

ကယား (ကရင်နီ) ပြည်နယ်က တောင်သူများ၏ မြေယာသိမ်းဆည်းမှုများနှင့် ဗိုလ်ချုပ်ကြေးရုပ် ဆန္ဒပြလူငယ်များကို ဖမ်းဆီး၊ တရားစွဲမှုများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရသည်များကို အစိုးရက တာဝန်ယူမှုမရှိသည့်အတွက် ပြည်နယ်၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သက်ရောက်မှုဖြစ်စေခဲ့သည်ဟု ဆိုသည်။

“လက်ရှိအနိုင်ရနေတဲ့ အစိုးရပေါ့နော်။ ကျွန်တော်တို့ တွေ့နေကြတဲ့အတိုင်းပဲပေါ့နော်။ ပြည်သူလူထုအပေါ်မှာ တာဝန်ယူမှု သိပ်ပြီးတော့ မရှိဘူး။ နောက်ပြီးတော့မှ တောင်သူနဲ့ပတ်သတ်ပြီးတော့ တရားစွဲဆိုခံနေရတယ်။ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စမှာလည်း လူငယ်တွေ ဆန္ဒပြကြတာကို သူတို့က ဖမ်းဆီးတယ်။ တရားစွဲတယ်။ အဲ့လိုပေါ့၊ တကယ်တမ်းတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးလို့ပြောတဲ့နေရာမှာ ဒါ ပြည်နယ်အစိုးရဖြစ်ဖြစ်၊ ဗဟိုအစိုးရဖြစ်ဖြစ် ထဲထဲဝင်ဝင် စဉ်းစားဖို့သင့်ပါတယ်။ ငြိမ်းချမ်းရေးလည်း မရောက်သေးတဲ့ ခရီးစဉ်တစ်ခုမှာ ကျွန်တော်ပြောတဲ့ တရားစွဲဆိုမှုတွေ၊ လယ်ယာမြေကိစ္စတွေ၊ ဖမ်းဆီးမှုတွေက ကျွန်တော်တို့အတွက်သွားနေတဲ့ ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေပါတယ်” ဟု ခူးကိုရယ်က ပြောသည်။

KCSN အနေဖြင့် ကယားပြည်နယ်တွင် ဒေသခံများမတရားပြုကျင့်ခံမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တစ်စောင်ကို ဒီဇင်ဘာ ၁၄ ရက်ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်ထဲတွင် လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တွင်ရှိသည့် တောင်သူများ၏ ဘိုးဘွားပိုင် မြေဧကပေါင်း ၁၅၀၀ ကို တပ်မတော်သိမ်းယူခဲ့သဖြင့် ဆန္ဒပြကန့်ကွက်ခဲ့ကြသည့် တောင်သူ ၄၁ ဦးကို တရားစွဲဆိုထောင်ချခဲ့ခြင်းနှင့် အစိုးရလက်အောက်ရှိ သစ်တောရေးရာဌာနကလည်း ဖားဆောင်းမြို့နယ်က မြေဧကပေါင်း ၁၂၅ ဧကကို သိမ်းဆည်းခဲ့ခြင်းများက ဒေသခံများအတွက် မတရားပြုကျင့်ခံရမှုများဖြစ်သော်လည်း အစိုးရက တာဝန်ယူမှုမရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။  

အခုလိုထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ ခူးကိုရယ်က “ကျွန်တော်တို့ အဓိကက ဒီကရင်နီပြည်လို့ပြောရမှာပေါ့နော်။ ကရင်နီပြည်မှာတခြား နိုင်ငံတကာအသိုင်းအဝိုင်းအထိ၊ ကျွန်တော်တို့ အစိုးရအထိ၊ ကုမ္ပဏီအထိ၊ လက်ရှိ ကျွန်တော်တို့ အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ (NLD) အထိ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးကအခြေအနေတွေကို ကျွန်တော်တို့ ပုံဖော်ချင်တာပေါ့နော်” ဟု ၎င်းက ပြောသည်။

ကယားပြည်နယ်တွင် ယခု NLD အစိုးရလက်ထက်အထိ ဒေသခံများကို ထိခိုက်နစ်နာမှုဖြစ်စေနိုင်သော သယံဇာတထုတ်ယူမှုများ၊ ပွင့်လင်းမြင်သာမှုမရှိသော အကြီးစားစီမံကိန်းများကို လုပ်ဆောင်နေပြီး မော်ချီးဒေသ ခဲမဖြူနဲ့ အဖြိုက်နက်သတ္တုတွင်းများကို တိုးချဲ့ခြင်း၊ လွိုင်ကော်မြို့ စက်မှုဇုန်အပိုင်း (၂) တွင် တည်ဆောက်ထားသော သတ္တုသန့်စင်စက်ရုံကို ဒေသခံလူထုအနည်းငယ်နဲ့သာ တွေ့ဆုံ၍ စက်ရုံတည်ဆောက်ခဲ့ခြင်းနှင့် ကယား (ကရင်နီ) ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံတွေကန့်ကွက်မများကြောင့် ရပ်တန့်ခဲ့သော နမ့်တဘက်ချောင်း ရေအား လျှပ်စစ်စီမံကိန်းအား အစိုးရနှင့်ကုမ္ပဏီများက ကွင်းဆင်းလေ့လာမှုများ လုပ်ဆောင်နေကြောင်း ၎င်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

လက်ရှိ NLD အစိုးရနေဖြင့် ပြည်သူလူထုအပေါ်တာဝန်ခံမှုနည်းပါးသည်ဟု ဝေဖန်ခံနေရသော်လည်း ယခုနှစ်ရွေး ကောက်ပွဲတွင်  ကယားပြည်နယ်၌မြို့ နယ် ခုနစ်ခုရှိပြီးမဲဆန္ဒနယ် ၃၄ နေရာရှိသည့် အနက် NLD က နေရာ ၂၀ တွင် အနိုင်ရရှိခဲ့ပြီး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) က ရှစ်နေရာနှင့် ပြည်ခိုင်ဖြိုးပါတီက ခြောက်နေရာသာအနိုင်ရရှိထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ် ၁၁၁၇ နေရာရှိသည့်အနက် NLD က နေရာ ၉၂၀ တွင် အနိုင်ရရှိခဲ့ကာ လာမည့်လွှတ်တော်သက်တမ်းငါးနှစ်အတွက် အစိုးရဖွဲ့ခွင့် ထပ်မံရရှိထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...