ရွေးကောက်ပွဲကော်မရှင်အား အယုံအကြည်မရှိကြောင်းနှင့်ပတ်သက်၍ မွန်ပြည်နယ်တွင် တတိယအကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုကို ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများက ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ တတိယအကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုကို မွန်ပြည်နယ် သထုံမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးဝင်းအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အင်အား ၃၀ ခန့်ပါဝင်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ ရွေးကောက်ပွဲကို ၂၀၁၀ ကရော၊ ၂၀၁၅ ကရော ကိုယ်တိုင်ပဲ မဲပေးခဲ့တယ်။ အဲဒီမဲပေးတဲ့ ရွေးကောက်ပွဲတွေမှာတော့ အင်မတန်ကို သန့်ရှင်းတယ်။ ပွင့်လင်းမြင်သာမှုရှိတယ်။ ဘာမှ ပြဿနာတစုံတရာမဖြစ်ဘူး။ ကျွန်တော်တို့ မြင်ရတဲ့တွေ့ရတဲ့ အချိန်ကာလတွေမှာလည်း အင်မတန်မှ ကောင်းမွန်တဲ့ လက္ခဏာတွေကို မြင်ရတွေ့ရတယ်။ ဒီ ၂၀၂၀ ရွေးကောက်ပွဲကျမှ တစ်ဘက်စောင်းနင်းလုပ်ရပ်တွေကို တွေ့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒီလုပ်ရပ်တွေကို သိပါလျက်၊ မြင်ပါလျက်နဲ့ ကျွန်တော်တို့က ပြည်သူဖြစ်တဲ့အတွက် သွားပြီး ပြောဆိုလို့မရဘူး။ ကျွန်တော်တို့မှာ စာရင်းဇယားနဲ့ပတ်သက်လို့ မေးမြန်းပိုင်ခွင့်တွေ၊ ကူးယူပိုင်ခွင့်တွေ ကျွန်တော်တို့မှာ မရှိဘူး။ ဒါပေမဲ့ ကျွန်တော်သည် လွတ်လပ်တဲ့ ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် ဒါ တို့မြန်မာနိုင်ငံရဲ့ အင်မတန်မှ အရေးကြီးတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်တဲ့အတွက် ငါတို့မှာ တာဝန်ရှိတယ်။ ငါတို့လည်း နိုင်ငံသားဖြစ်တဲ့အတွက် တရားမျှတမှု ရှိ၊ မရှိ မဲရုံအပြင်ကနေ စောင့်ကြည့်ရမယ်။ ကျွန်တော် စောင့်ကြည့်တဲ့ အချိန်မှာရော သတ်မှတ်ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းကို ကျော်လွန်ပြီးတော့ ဆောင်ရွက်ထားမှုတွေကို မြင်ရတွေ့ရတယ်။ ဒါတွေကြောင့် ကျွန်တော်တို့ရဲ့ ခံစားချက်တွေဟာ ဒါ ပြည်သူကို မလေးစားတာပဲ၊ ပြည်သူရဲ့ ဆန္ဒကို ရယူတဲ့နေရာမှာ မဲ နိင်တာ၊ ရှုံးတာက ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ပြည်သူရဲ့ဆန္ဒကို ရယူတဲ့နေရာမှာ မှန်မှန်ကန်ကန်နဲ့ တရားမျှတဖို့ အရေးကြီးတယ်။ အဲဒါမှ ဒီရွေးကောက်ပွဲက သန့်ရှင်းတယ်၊ ဒါမှ သန့်ရှင်းတဲ့ အစိုးရတစ်ရပ်ကို ဖြစ်ပေါ်စေမယ်။ အဲဒီလို မှန်ကန်တဲ့အစိုးရတစ်ရပ် ဖြစ်ပေါ်လာတာကိုပဲ ကျွန်တော်တို့က လိုချင်တယ်။ ပြည်သူကို မလေးစားတဲ့ပုံစံမျိုးနဲ့ မဲလိမ် မဲခိုးမှုနဲ့ အပြုအမူတွေ လုပ်ပြီးတော့မှ မဲအောင်နိုင်တယ်ဆိုတဲ့ သဘာဝ မကျတဲ့ ကိစ္စမျိုးတွေ ကျွန်တော်တို့က နိုင်ငံသားတစ်ဦးရဲ့ တာဝန်ရှိတာနဲ့အညီ ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး။ ဒါကြောင့်မို့ ဒီနေ့ ကျွန်တော်တို့ရင်ထဲမှာရှိတဲ့ မမှန်ကန်မှုတွေကို ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်" ဟု ဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်ပါဝင်သူ သထုံမြို့နယ် ဒူးရင်းဆိပ်ဒေသခံ ဦးမောင်ကြီးက ပြောသည်။
ယင်းဆန္ဒထုတ်ဖော်တွင် လွတ်လပ်သော စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရေး၊ UEC က ဥပဒေနဲ့အညီ ဆောင်ရွက်ပေးရေး၊ မဲစာရင်းဆိုင်ရာ အချက်အလက်များ တရားဝင်ကူးယူခွင့်ပေးရေး၊ မတရားမှု မှန်သမျှ ဆန့်ကျင်ကြ၊ မဲလိမ် မဲခိုး ဖြစ်ရပ်များ ဆန့်ကျင်ကြ ဟူ၍ ဆန္ဒထုတ်ဖော်သူတွေက ကြွေးကြော်ခဲ့ကြသည်။
ထိုဆန္ဒထုတ်ဖော်မှုများကို ပါတီဝန်းရံသူများက လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် တစ်စုံတစ်ရာ ပြောကြာလိုခြင်း မရှိကြောင်း ပါတီတာဝန်ရှိသူများက မှတ်ချက်ပေးရန်ငြင်းဆိုခဲ့ကြသည်။
မွန်ပြည်နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများအနေဖြင့် ဆန္ဒထုတ်ဖော်မှုများကို ဒီဇင်ဘာ ၁၅ ကသံဖြူဇရပ်မြို့၌လည်းကောင်း၊ ဒီဇင်ဘာ ၂၃ က မုဒုံမြို၌လည်းကောင်း လုပ်ဆောင်ခဲ့ပြီး ကျန်မြို့နယ်များတွင် ယခုရက်ပိုင်များအတွင်း ထပ်မံဆန္ဒထုတ်ဖော် သွားရန်ရှိကြောင်း သိရသည်။
မွန်ပြည်နယ် မဲစာရင်းတွင် မှတ်ပုံတင်ထပ်နေသူများ၊ မှတ်ပုံတင်မပါသူများနှင့် အသက်အရွယ်မပြည်သူ စုစုပေါင်း လေးသောင်းနီးပါးပါဝင်နေကြောင်း သထုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးမျိုးမင်းဌေးက ပြောသည်။
"ကျွန်တော်တို့က အခုလောလောဆယ်ကတော့ ဘာလုပ်ထားသလဲဆိုတော့ အရင်ရခဲ့တဲ့ ပုံစံ ၁ ပေါ့နော်။ မဲစာရင်းအပေါ်မှာ အခြေခံပြီးတော့ ကျွန်တော်တို့ စစ်ဆေးထားတဲ့ အပိုင်းလေးတွေ ရှိတယ်။ အဲဒီမှာမှ ကွာဟချက်လေး တွေ ရှိတယ်ပေါ့နော်။ ဥပမာ - မှတ်ပုံတင်ထပ်နေတဲ့သူတွေ၊ မှတ်ပုံတင်မပါတဲ့သူတွေ၊ နောက်ဆုံး ကျွန်တော်တို့က မဲရုံတစ်ရုံချင်းအလိုက် လိုက်စစ်လိုက်တဲ့အချိန်မှာ မဲစာရင်းထဲမှာ အသက်မပြည့်တဲ့သူလည်း ပါနေတယ်၊ အဲဒီလိုမျိုးတွေပေါ့။ ကျွန်တော်တို့ စစ်လိုက်တဲ့အခါမှာ အားလုံးပေါင်းတော့ ကွာဟချက်က သုံးသောင်းကျော် လေးသောင်းလောက်တော့ရှိမယ်" ဟု ၎င်းကပြောသည်။
အဆိုပါ ကွာဟချက်သည် မဲရုံတစ်ရုံချင်းအလိုက် ကနဦး စစ်ဆေးချက်များသာဖြစ်ပြီး နောက်ဆုံးမဲစာရင်းကို UECထံ တောင်းဆိုထားကြောင်း နှင့် အဆိုပါ မဲစာရင်းများရရှိမှသာ မြို့နယ်အလိုက် အတိအကျ စစ်ဆေးနိုင်မည်ဖြစ်ကြောင်း ဦးမျိုးမင်းဌေးက ဆက်လက်ပြောသည်။
Published
Tuesday, December 29, 2020
ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်း သထုံတွင် ပြည်ခိုင်ဖြိုးဝန်းရံသူများ ဆန္ဒထုတ်ဖော်