အစိုးရ၏အထောက်အပံ့များ လုံလောက်မှုမရှိသဖြင့် အခက်အခဲများကြုံတွေ့နေရသည့်အပေါ် လာမည့်အစိုးရလက်ထက်တွင် ဖြေရှင်းပေးရန် ကရင်နီဒုက္ခသည်စခန်းမှ နေရပ်ပြန်သူများက တောင်းဆိုလိုက်သည်။
“ကျွန်မအရင်လာနေတယ်ဆိုတော့ နောက်စခန်းမှာနေခဲ့တဲ့ မိဘဆွေမျိုးတွေ သူတို့ ပြန်လာနေခဲ့ရင်၊ အစိုးရအနေနဲ့ သူတို့ကို လုပ်ပေးဖို့က အားနည်းချက်တွေအများကြီးရှိတယ်။ အခုတက်လာမယ့် အစိုးရသစ်တွေအနေနဲ့ ဒုက္ခသည်စခန်းကနေပြန်လာချင်တဲ့သူတွေအတွက်၊ တရားဝင်ပြန်ချင်တဲ့ တချို့အတွက် သူတို့အတွက် စားနပ်ရိက္ခာ ဆိုရင် အနည်းဆုံးတစ်နှစ်လောက်တော့ ထောက်ပံ့ပေးမှဖြစ်မှာ။ပြီးတေ့ သူတို့အတွက် နေထိုင်ဖို့ အိမ်တစ်လုံးပါဆောက်ပေးနိုင်ရင်ပိုကောင်းပါတယ်” ဟု ကရင်နီဒုက္ခသည်စခန်းမှ နေရပ်ပြန်လာသူတစ်ဦးဖြစ်သူ ဒေါ်ပိုးမယ်က ပြောသည်။
၁၉၉၅ခုနှစ်နောက်ပိုင်ကာလများတွင် တပ်မတော်နှင့် KNPP တို့သည် ကယားပြည်နယ်၌ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူနှစ်သောင်းကျော်သည် မြန်မာ-ထိုင်းနယ်စပ်သို့ထွက် ပြေးတိမ်းရှောင်ခဲ့ရပြီး ထိုင်း ဘက်ရှိ ကရင်နီဒုက္ခသည်စခန်းများတွင် နေထိုင်ခဲ့ရသည်။
NLD အစိုးရလက်ထက်တွင် ယင်းစစ်ဘေးရှောင်ဒုက္ခသည်များ မိမိဆန္ဒအလျောက် နေရပ်ပြန်ရေးအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး UNHCR၏ အစီအစဉ်ဖြင့် လွန်ခဲ့သည့် နှစ်နှစ်ခန့်ကစတင် ဆောင်ရွက်ရာ မိမိဆန္ဒအလျောက် နေရပ်ပြန်သူ ရာချီရှိခဲ့ကြောင်း သိရသည်။
ထိုအစီအစဉ်ဖြင့် ကယားပြည်နယ်ရှားတောမြို့နယ်သို့ ပြန်လည်ရောက်ရှိလာသည့်ဒေါ်ပိုးမယ်သည် ဒုက္ခသည် စခန်းမှ ပြန်လာသည်မှာ နှစ်နှစ်ကျော်ရှိနေပြီဖြစ်ပြီး ပြန်လာသည့်အချိန်က အစိုးရက မိသားစုတစ်ခုလျှင် သုံးလ စာ ငွေကျပ်သုံးသိန်းထောက်ပံ့ပေးခဲ့ကြောင်းနှင့် ထိုငွေကြေးသည် မလောက်သဖြင့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။
“အခက်အခဲကတော့ ကျွန်မတို့ အိမ်ဆောက်တာပေါ့။ သစ်တို့ ဝါးတို့ သွားခုတ်ဖို့ဆို ကျွန်မတို့မှာ လုပ်ကူဖို့ သားသမီးမရှိဘူးလေ။ အိမ်နီးနားချင်းကို သွားခေါ်ရင်လည်း လုပ်ပေးမယ်။ လုပ်ပေးမယ်လို့ပဲ ပြောကြတယ်။ ပိုက်ဆံပေးပြီးတော့ သစ်မပေးဖို့ သယ်ပေးဖို့ပြောလည်း ဟုတ်ကဲ့လို့ပဲ ပြောကြတယ်။ ပြီးအလုပ်မကူကြဘူး။ စိတ်အရမ်း ဆင်းရဲခဲ့ရတယ်။ကလေးအေဖလည်း တစ်ယောက်တည်းလုပ်ရတော့ ပင်ပန်းတဲ့ဒဏ်ရှိတော့ မလုပ်နိုင်တာလည်းရှိတယ်” ဟု ၎င်းကပြောသည်။
သို့သော်လည်း မိမိဆန္ဒအလျောက်ပြန်လာသူများကို အစိုးရက လိုအပ်သည့်အရာများကို ဆောင်ရွက်ပေးထားသည်ဟု ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီးမြင့်ဝေကပြောသည်။
“အခုရောက်လာတဲ့အဖွဲ့ကိုတော့ အတတ်နိုင်ဆုံးပြည့်စုံအောင်သူတို့ကို အိမ်တွေဘာတွေဆောက်ပြီး ထားထား တယ်။ အဲ့ဒီမှာ သူတို့အနေအထားကိုတော့ အဓိက UNHCR က သွားရောက်လေ့လာပြီးတော့ လိုအပ်တာလေး တွေကိုထပ်ဖြည့်ပေးဖို့ပြောထားတယ်” ဟု ဗိုလ်မှူးကြီးမြင့်ဝေက ပြောသည်။
ယခုအချိန်အထိ ကရင်နီဒုက္ခသည်စခန်းတွင် လူဦးရေထောင်ချီကျန်ရှိနေပြီး ၎င်းတို့ မိမိဆန္ဒအလျောက် နေရပ်ပြန် နိုင်ရေးအတွက် အစိုးရအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လိုအပ်နေသေးကြောင်း ကယားပြည် နယ်ဒီမိုကရက်တစ်ပါတီမှ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရရှိခဲ့သည့် ဒေါ်မော်မိုးမြာက ထောက်ပြခဲ့သည်။
“ကျွန်မတို့ တောင်းဆိုပေးချင်တာက ဒီခြောက်လဖြစ်ဖြစ် တစ်နှစ်ဖြစ်ဖြစ် သူတို့အတွက် အထောက်အပံ့ ပေးတဲ့ ဟာမျိုးတွေ လုပ်ပေးမှ အဆင်ပြေလာနိုင်မယ်။ ပြီးတော့ ပြန်လာတဲ့အချိန်သူတို့နဲ့ သူတို့ရဲ့ ကျောင်းပညာရေး ကိစ္စတွေ သူတို့ရဲ့ကျန်းမာရေး အခြေခံစောင့်ရှောက်ခွင့် ကိစ္စတွေအထိကျွန်မတို့ စဉ်းစားထားမှရမယ်။ ပြန်လာ တဲ့ရွာမှာ သူတို့ရဲ့ လူမှုရေးအခြေအနေတွေဘယ်လိုရှိနေလဲ စည်းကမ်းချက်တွေဘယ်လိုရှိလဲ။ ရွာကလူတွေနဲ့ အံဝင်ခွင်ကျ ဘယ်လိုပေါင်းလဲ။ အကောင်းဆုံးအစီအစဉ်တွေနဲ့ နေနိုင်အောင်ဘယ်လို စဉ်းစားကြမှာလဲဆိုတာမျိုး ထည့်သွင်းစဉ်းစားရမယ့် အချက်တွေပဲဖြစ်ပါတယ်” ဟု သူမကပြောသည်။
ကနီစခန်းတွင်ရှိနေသည့် စစ်ဘေးရှောင်များနေရပ်ပြန်ရေးအတွက် အရပ်ဖက်အဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ကြမည်ဆိုပါက လွယ်ကူမည်ဖြစ် ဖြစ်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ ဒါရိုက်တာ ဦးဗညားက သုံးသပ်ပြောကြားသည်။
၎င်းက“ နိုင်ငံသားအခွင့်အရေးကို အပြည့်အဝပေးမယ်။ နိုင်ငံသားအခွင့်အရေးကို အကာအကွယ်ပေးမယ်။ ဒီလူတွေ ပြန်လာနိုင်အောင်လုပ်မယ်။ ဒါဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံက နိုင်ငံတကာမှာ ဂုဏ်သိက္ခာအနေနဲ့ ကိုယ့် ဂုဏ်သိက္ခာကို ကိုယ်သာဆယ်မယ်။ ပြည်တွင်းကိစ္စဖြစ်တဲ့ မြန်မာနိုင်ငံထဲကို ပြန်ရောက်တဲ့အချိန်မှာလည်း စနစ်တကျပေါ့နော်။ မူဝါဒတွေရှိထားပြီးသား။ ကောင်းတယ်။ ပေါလစီရှိတယ်။ ကောင်းတယ်။ အကောင်အထည် ဖော်တဲ့ နေရာမှာ စိတ်ကောင်းစေတနာရှိရှိ နဲ့ပေါ့နော်။ ဒီမှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ တိုင်းရင်းသားလက် နက်ကိုင် အင်အားစုတွေနဲ့ အသေအချာညှိနှိုင်းပြီးတော့မှ ဖော်ဆောင်မယ်ဆိုရင် ကျွန်တော်ပြောနိုင်ပါတယ် တစ် သောင်းဟာလွယ်လွယ်လေးပါ။ ပြောရဲတယ်။ သုံးနှစ်အတွင်း လုံးဝအဆင်ပြေအောင်လုပ်နိုင်တယ်။ ကျွန်တော် တို့ကလည်း အစိုးရကို ထိုင်ပြီးတော့မှ တသက်လုံးလုပ်ကျွေးပါလို့ ကန်တော့ခံပြီးတော့နေမှာ မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေဟာ ကရင်နီ ပြည်မှာရှိတဲ့ လူသားတွေဟာ ကိုယ့်ခြေ ကိုယ့်လက်ပေါ်မှာ ရပ်တည်နိုင်တယ်။ ပြည်နယ်ဆင်းရဲရင် ဆင်းရဲမယ် လူမဆင်းရဲဘူး ရှာဖွေစားသောက်နိုင်တဲ့ အခင်းအကျင်း ရှိတယ်။ ဒါပေမယ့် အဲ့နေရာလွတ်လွတ်လပ်လပ်နိုင်ငံသားအခွင့်အရေးပေးပြီးတော့မှရှာဖွေစားသောက်နိုင်အောင် အခွင့်အလမ်းတွေ ချပေးလိုက်ရင် ပြီးပြည့်စုံပါတယ်” ဟု ပြောသည်။
အဆိုပါ ဒုက္ခသည်စခန်းမှ အများဆုံးပြန်လာနေထိုင်ကြသည့် ကယားပြည်နယ် ရှားတောမြို့နယ်သည် ဖွံ့ဖြိုးမှုအနောက်ကျဆုံးမြို့နယ်ဖြစ်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ ထိန်းချုပ်မှုအောကရှိနေသည့်ဒေသဖြစ်ကာ အစိုးရအနေဖြင့် လက်ရှိအချိန်ထိ အညိုရောင်နယ်မြေဟု သတ်မှတ်ထားသော ဒေသတစ်ခုလည်းဖြစ်သည်။