“အရေးကြီးတဲ့အချက်က ရခိုင်ပြည်နယ်လွှတ်တော်က အများစုသဘောတူတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဝန်ကြီးချုပ်ဖြစ်ဖို့လိုတယ်”

“အရေးကြီးတဲ့အချက်က ရခိုင်ပြည်နယ်လွှတ်တော်က အများစုသဘောတူတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဝန်ကြီးချုပ်ဖြစ်ဖို့လိုတယ်”

ရခိုင်အမျိုးသားပါတီ (ANP) ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှနှင့်အင်တာဗျုး

ထို့ပြင်၂၀၂၀ ရွေးကောက်ပွဲအနိုင်ရထားပြီး လက်ရှိအစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် တိုင်းရင်းသားပါတီ (၄၈) ခုကို "နောင်အနာဂါတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ" ခေါင်းစဉ်နဲ့ အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည့်အပြင် ထိုကိစ္စနှင့်ပတ်သက်၍ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် NLD ပါတီမှ ဒေါက်တာအောင်မိုးညိုအပါအဝင် တာဝန်ရှိသူ ၃ ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တိုင်းရင်းသားပါတီများထဲတွင် အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်အခြေစိုက် ရခိုင်အမျိုးပါတီ (ANP) ပါတီအနေဖြင့် NLD ပါတီနှင့် ဆောင်ရွက်သွားမည့်အခြေအနေများ၊ သဘောထားများနှင့်အမြင်များကို သိရှိစေရန် ANP ပါတီရဲ့ဥက္ကဋ္ဌ ဦးသာထွန်းလှကို ယခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး - ရွေးကောက်ပွဲရလဒ်အရ အနိုင်ရ NLD ပါတီဟာ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဆွေးနွေးသွားဖို့ ပြင်ဆင်နေတယ်ဆိုတော့ ANP ပါတီအနေနဲ့ ဘယ်လိုသဘောထားရှိပါသလဲ။

ဖြေ -  အာဏာရပါတီ NLD က တိုင်းရင်းသားပါတီတွေနဲ့ဆွေးနွးဖို့ ဒေါက်တာအောင်မိုးညိုပါဝင်တဲ့ လူပုဂ္ဂိုလ်သုံးဦးကို တာဝန်ပေးထားတယ်ဆိုတာကို သတင်းမီဒီယာကတစ်ဆင့်ကြားရတယ်။ ဒါပေမယ့် ANP ကို တွေ့ဆုံ ဆွေးနွေးဖို့အတွက် လောလောဆယ် တရားဝင်ကမ်းလှမ်းထားတာမရှိသေးဘူး။ တရားဝင်ရောက်တဲ့စာဆိုလို့ ရွေးကောက်ပွဲအလွန် နိုဝင်ဘာ ၁၂ ရက်က အွန်းလိုင်းပေါ်မှာတင်ခဲ့တဲ့ "နောင်အနာဂါတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေး ကိစ္စ" စာတစ်စောင်တော့ တရားဝင်ရောက်တာရှိတယ်။ အဲဒီစာအပေါ်မှာတော့ စာကိုလက်ခံရရှိတဲ့အကြောင်းကို NLD ပါတီကို ပြန်ပြီးစာပို့ထားတာရှိတယ်။အဲဒီနောက်ပိုင်း ထပ်ပြီး တရားဝင် တွေ့ဆုံဆွေးနွေးဖို့အတွက် လောလော ဆယ်ကမ်းလှမ်းမှု မရှိသေးဘူး။

မေး - တကယ်လို့ ANP ပါတီဟာ NLD ပါတီနဲ့ ဆွေးနွေးဖြစ်ခဲ့ရင် ဘာတွေကိုဆွေးနွေးညှိနှိုင်းဖို့ရှိလဲ။

ဖြေ -  အခုလောလောဆယ်တော့ ANP ပါတီကို တရားဝင်ကမ်းလှမ်းမှုတွေလည်းမရှိသေးတဲ့အခြေအနေမှာ NLD ပါတီရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေက သတင်းမီဒီယာတွေပြောကြားတဲ့အချက်တွေကိုပဲ သိရတဲ့အခြေအနေရှိတယ်။ အဲတာကြောင့် NLD ပါတီက သတင်းမီဒီယာတွေမှာ ပြောဆိုထားတဲ့အချက်တွေပေါ်မှာ မူတည်ပြီး ပါတီအနေနဲ့ လေ့လာသုံးသပ်နေတဲ့ အခြေအနေပဲရှိသေးတယ်။

မေး - NLD ပါတီနဲ့ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ရင်ရော ဘာတွေကိုတောင်းဆိုသွားမလဲ။

ဖြေ - အဲတာက တွေ့ဆုံဆွေးနွေးတဲ့ အခင်းအကျင်းပေါ်မှာ မူတည်လိမ့်မယ်လို့မြင်တယ်။ ပြီးရင် တွေ့ဆုံ ဆွေးနွေး တဲ့ပုဂ္ဂိုလ်တွေရဲ့ လုပ်ပိုင်ခွင့်၊ဆုံးဖြတ်ပိုင်ခွင့်ဘယ်လောက်ရှိလဲဆိုတဲ့ အတိုင်းအတာပေါ်မှာ မူတည်တယ်။ အခု သိထားသလောက်ဆိုရင် တိုင်းရင်းသားပါတီတွေရဲ့ သဘောထားတွေ၊ဆန္ဒတွေကို နားထောင်ပြီး သဘောတူညီ ချက်ရအောင်စုစည်းပြီးမှ အတည်ပြုမယ်ဆိုတဲ့ သဘောထားမျိုးကို မီဒီယာကနေ တစ် ဆင့်သိရတဲ့အ ခြေအ နေဖြစ်တဲ့အတွက် NLD ပါတီက တိုင်းရင်းသားပါတီအလိုက် တွေ့ဆုံမယ်ဆိုတာကို သိနေရတယ်။ရခိုင်ပြည်နယ် ကိုတော့ လုံခြုံရေးအရ မလာနိုင်ဘူးဆိုတာကြားနေရသလို ကမ်းလှမ်းမှုတွေလည်း မရှိသေးတဲ့အတွက် လော လောဆယ်သတင်းမီဒီယာတွေမှာ ပြောဆိုမှုတွေကိုကြည့်ပြီး လေ့လာသုံးသပ်မှုတွေ လုပ်နေရတဲ့အခြေအနေပဲ ရှိသေးတယ်။

မေး -  ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာပေးဖို့ကော ANP က တောင်းဆိုသွားဖို့ရှိလား။

ဖြေ - အဲတာက NLD ပါတီရဲ့ လုပ်ကိုင်ဆောင်ရွက်တဲ့ အခြေအနေပေါ်မှာသာ လေ့လာသုံးသပ်ပြီး တွေ့ဆုံ ဆွေးနွေးရေး အခင်းအကျင်းမှာ ဘယ်အတိုင်းအတာထိ၊ဘယ်အခန်းကဏ္ဍာတွေကို တွေ့ဆုံဆွေးနွေးလို တာ လည်းဆိုတာကို တရားဝင်ပြောမယ်ဆိုရင် နိုဝင်ဘာ ၁၂ ရက်က NLD ပါတီက ထုတ်ပြန်တဲ့ "နောင်အနာ ဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေး ကိစ္စ" လို့ သုံးထားတယ်ဆိုတော့ NLD ပါတီမှာ အခုတာဝန်ပေးတဲ့ သုံးဦးကို ဘယ်အခန်းဏ္ဍာတွေ၊ဘယ်လိုအကြောင်းအရာတွေကို တိုင်းရင်းသားပါတီတွေရဲ့ ဆန္ဒကို နားထောင်ခိုင်းသလဲဆိုတဲ့အပေါ်မှာလည်း မူတည်လိမ့်မယ်လို့ထင်တယ်။

မေး - တကယ်လို့ ANP ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ဖို့အတွက် NLD ကနေ အဆိုပြုလာရင် ANP ရဲ့သဘောထားက ဘယ်လိုရှိလဲ၊ ဘယ်လိုလူမျိုးကို ရွေးချယ်ထားပြီလဲ။

ဖြေ - ရခိုင်ပြည်နယ်အစိုးရက ပြည်နယ်လွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ်အများစုက သဘောတူတဲ့ ဝန်ကြီးချုပ်ဖြစ်ဖို့ အရေးကြီးတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ခန့်အပ်တဲ့ဝန်ကြီးချုပ်မျိုးဆိုရင် ဒါဟာ ဒီမိုကရေစီအခင်းအကျင်းနဲ့ နည်းနည်းလွဲချော်မှုရှိတယ်။ လက်ရှိ ၂၀၁၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတက အဆိုပြုတဲ့လူက ဝန်ကြီးချုပ်ဖြစ်တယ်ဆိုပြီး ဘယ်လိုပင်ရေးထားပါစေ အဲဒီအခင်းအကျင်းကို ကျော်လွှားဖို့လည်းအရေးကြီးတယ်။ ရခိုင်ပြည်နယ်လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်အများစု သဘောတူ တဲ့ ပုဂ္ဂိုလ်ဖြစ်မှ အဲဒီလွှတ်တော်ကိုလည်း  အဲဒီဝန်ကြီးချုပ်က တာဝန်ယူမှု၊တာဝန်ခံမှုရှိမှာဖြစ်တယ်။ အဲဒါကြောင့် အရေးကြီးတဲ့အချက်က ရခိုင်ပြည်နယ်လွှတ်တော်က အများစုသဘောတူတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဝန်ကြီးချုပ်ဖြစ်ဖို့အရေးကြီးတယ်လို့ မြင်တယ်။

မေး - ANP ပါတီက ပြည်နယ်ဝန်ကြီးချုပ်နေရာမရခဲ့ရင် ၂၀၁၅ တုန်းကလို အတိုက်အခံပါတီအဖြစ်နဲ့ ရပ်တည်သွားမှာလား။

ဖြေ - ဘယ်လိုလွှတ်တော်အခင်းအကျင်းဖြစ်လာမလဲဆိုတဲ့အခြေအနေပါ်မှာလည်း မူတည်သေးတယ်။ လာမယ့် ပြည်နယ် လွှတ်တော်မှာဆိုရင် ကျွန်တော်တို့ ANP ပါတီက ခုနစ်ဦးရှိမယ်။ NLD ပါတီက ၅ ဦးရှိတယ်။ ရခိုင့်ဦး ဆောင်ပါတီက နှစ်ဦး၊ကြံ့ခိုင်ရေးပါတီက တစ်ဦး၊တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ပါလာအုန်းမယ် ဆိုတော့ လွှတ်တော်အခင်းအကျင်းပုံစံအပေါ်မှာ မူတည်လိမ့်မယ်လို့ပြောလိုတယ်။

မေး - NLD ကနေ ပြည်နယ်ဝန်ကြီးချုပ်နေရာမပေးဘဲ ဝန်ကြီးနေရာတွေသာပေးခဲ့ရင်ရော ANP ပါတီက လက်ခံမှာလား။

ဖြေ -  လောလောဆယ် ကျွန်တော်တို့ပါတီက ရွေးကောက်ပွဲရှုထောင့်ကိုပဲ အဓိကထားနေတဲ့ အခြေအနေပဲရှိသေး တယ်။အဲတာကြောင့် အစိုးရဖွဲ့စည်းရေးကိစ္စက နောက်လာမယ့် မတ်လအတွင်းဆိုတော့ အချိန်အများကြီး ရှိနေပါသေးတယ်။အဲဒါကြောင့် ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲပြန်လည်ကျင်းပဖို့ကိစ္စကိုပဲ အလေးပေးစဉ်း စားနေတာရှိတယ်။ ရွေးကောက်ပွဲကျင်းပဖို့ ရက္ခိုင့်တပ်တော်(AA) နဲ့ တပ်မတော်တို့က ထုတ်ပြန် ကြေညာပြီး နောက်ပိုင်းမှာလည်း ANP ပါတီအနေနဲ့ အဲဒီထုတ်ပြန်ချက်တွေအပေါ်မှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ကိစ္စကို ကြိုဆိုတဲ့အကြောင်းကို သဘောထားထုတ်ပြန်ခဲ့တာရှိတယ်။

မေး - ၂၀၁၅ တုန်းကဆိုရင်လည်း ဝန်ကြီးတွေနေရာကို ANP ပါတီကလက်မခံဘဲ ပါတီဝင်တွေကလက်ခံခဲ့အတွက် အရေးယူထုတ်ပယ်လိုက်တာတွေရှိခဲ့တယ်။ ဆိုတော့ အဲလိုမျိုးထပ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ၊ ပါတီဝင်တွေကို ဘယ်လိုထိန်းကျောင်းသွားမလဲ။

ဖြေ - ဒါကတော့ ပါတီတွင်းကိစ္စဖြစ်တဲ့အတွက်ကြောင့် ဒီမေးခွန်းအပေါ်မှာ လောလောဆယ် မဖြေကြားလိုဘူး။

မေး - ANP ပါတီက ဝန်ကြီးချုပ်နေရာမရခဲ့ရင် ရခိုင်ဒေသဖွံ့ဖြိုးမှု  အပါအဝင် လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက ပိုဆိုးလာနိုင်လား။

ဖြေ - ရခိုင်ပြည်နယ်အစိုးရက ရခိုင်ပြည်သူအများစုကို ကိုယ်စားပြုတဲ့ အစိုးရဖြစ်ဖို့အရေးကြီးတယ်။အဲတာက အဓိက ကျတဲ့ အချက်ဖြစ်တယ်။ ရခိုင်ပြည်သူအများစုကိုကိုယ်စားြပုမှ အဲဒီအစိုးရလည်း ဂုဏ်သိက္ခာရှိတဲ့ အစိုးရတစ်ရပ် ဖြစ်လာမှာဖြစ်တယ်။ရခိုင်ပြည်သူအများစုကို ကိုယ်စားမပြုတဲ့ ၊ရခိုင်ပြည်သူအများစုနဲ့ ကင်းကွာ တဲ့ အစိုးရမျိုးနဲ့ဆိုရင် ဒီပဋိပက္ခ၊ ပြဿနာတွေက ပြေလည်အောင်ဆောင်ရွက်ဖို့အတွက် အခက်အခဲရှိလိမ့်မယ် လို့မြင်တယ်။

မေး - ဘာများဖြည့်စွက်ပြီးတော့ ပြောချင်ပါသလဲ။

ဖြေ - အခု လက်ရှိ NLD ပါတီက ကော်မတီဝင်သုံးဦးဖွဲ့ပြီး တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆွေးနွေးဖို့အတွက် ကြိုးစားလာတာကိုတော့ ကြိုဆိုတယ်လို့ပြောလိုတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိအာဏာရ NLD ပါတီကလည်း ၂၀၁၅  ရွေးကောက်ပွဲအလွန်တုန်းက တစ်စုံတစ်ရာတိုင်းရင်းသားပါတီေတွနဲ့ ထိတွေ့ဆက်ဆံမှု လုံးဝမရှိခဲ့တဲ့အခြေအနေက အခုချိန်မှာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲပြီး ကြိုးစားဆောင်ရွက်ဖို့အတွက် အဲလို သဘောထားအပြောင်းအလဲတစ်ရပ် ရှိလာတယ်ဆိုတဲ့ အခြေအနေကို ထုတ်ဖော်ပြသတယ်လို့ သုံးသပ်လို့ရတဲ့အတွက်ကြောင့် အခုလိုတိုင်းရင်းသားပါတီတွေကို တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ဆောင်ရွက်နေတာကို ကြိုဆိုပါတယ်။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...