အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီ၏ နောင်အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေး ဖိတ်ခေါ်ချက်နှင့်ပတ်သက်၍ ဇိုမီဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ပါတီအနေဖြင့် ကြိုဆိုသော်လည်း အကြောင်းပြန်ခြင်းမရှိသေးကြောင်း သိရသည်။
“အခုထိတော့ ကျွန်တော်တို့ အကြောင်းမပြန်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က UNA နဲ့လုပ်တော့ UNA ရဲ့သဘောထားပေါ်မှာ မူတည်လိုက်မယ်။ စာကြောင်းအရ သဘောတော့တူပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က မဟာမိတ်နဲ့ အလုပ်လုပ်တာဆိုတော့လေ ဒီတိုင်းပြောဆိုလို့မကောင်းဘူး ကျွန်တော်တို့ UNA မှာပါတော့ အားလုံးသဘောထား အရင်ညှိနှိုင်းမယ်လေ။ တစ်ယောက်တစ်ပေါက်မလုပ်ဘူး။ အကြောင်းပြန်မယ်ဆိုလည်း UNA ပေါ်မှာမူတည်မယ် UNA ကအစည်းဝေးခေါ်မှာကိုး အဲချိန်ကြမှသိမယ်” ဟု ZCD ပါတီအတွင်းရေးမှူး ပူးဂင်ကမ်းလျန်က ပြောသည်။
ZCD ပါတီသည် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိူးများမဟာမိတ် (UNA) အဖွဲ့ဝင်ဖြစ်သည့်အလျောက် NLD ပါတီ၏ ကမ်းလှမ်းချက်ကို သီးခြားအကြောင်းပြန်မည်မဟုတ်ဘဲ UNA အနေဖြင့်သာ အကြောင်းပြန်သွားရန် ရည်ရွယ်ခြင်းဖြစ်သည်။
UNA တွင် ZCD အပါအဝင် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ဖွဲ့ပါဝင်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့သည့် လေးရက်မြောက်နေ့ နိုဝင်ဘာ (၁၂) ရက်က “နောင်အနာဂတ် မြန်မာနိုင်ငံအတွက်ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ဆိုသည့်ခေါင်းစဉ်ဖြင့် တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ခုထံသို့ စာပေးပို့ခဲ့ကြောင်းသိရသည်။
အဆိုပါပေးပို့သည့်စာထဲတွင် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီကြသည်ဖြစ်ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများအနေဖြင့်လည်း အဖွဲ့ချုပ်ကဖော်ဆောင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။
NLD ပါတီ၏ ဖိတ်ကြားခံရမှုနှင့်ပတ်သက်ပြီး ဇိုမီဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အတွင်းရေးမှူး ပူးဂင်ကမ်းလျန်က “ကောင်းပါတယ်။ ဒါကျွန်တော်တို့အခုတင်မဟုတ်ပါဘူး။ ဖက်ဒရယ်နဲ့ပတ်သက်လို့ ဟိုး ၁၉၆၁ ခုနှစ်ကပြုလုပ်ခဲ့သည့် တောင်ကြီးညီလာခံကတည်းကနေ ပါနေတာကိုး ကျွန်တော်တို့က အဲဒါ နှစ်ပေါင်း (၆၀) ကျော်ပေမဲ့ အကောင်အထည်မဖော်နိုင်သေးဘူး ဒါကို ကျွန်တော်တို့ကတော့ စိတ်ဝင်စားတာပေါ့ ကျွန်တော်တို့ ပါတီထောင်တာလည်း အဓိက ဒါပါပဲ” ဟုပြောသည်။
ဇိုမီဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ZCD) သည် ၂၀၂၀ ထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းတွင် မဲဆန္ဒနယ် (၁) နေရာ ချင်းပြည်နယ်တွင် မဲဆန္ဒနယ် (၉) နေရာဝင်ပြိုင်ခဲ့ပြီး ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ မဲဆန္ဒနယ် (၂) နေရာသာရရှိခဲ့သည်။