မွန်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၄၀ ကျော် ရွေးကောက်ပွဲအာမခံကြေးဆုံးရှုံး

မွန်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၄၀ ကျော် ရွေးကောက်ပွဲအာမခံကြေးဆုံးရှုံး

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် ရွေးကောက်ပွဲအာမခံကြေးဆုံးရှုံးသူ ၁၄၀ ကျော်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်ကပြောသည်။

 

မွန်ပြည်နယ်၌ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ၂၅၇ ဦးတွင် ၁၄၀ ကျော်သည် ခိုင်လုံမဲ ရှစ်ပုံတစ်ပုံ၊ ရာခိုင်နှုန်းအားဖြင့် ၁၂ ဒသမ ၅ ရာခိုင်နှုန်း မရရှိခဲ့သဖြင့် အာမခံကြေးဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“သတ်မှတ်ထားတဲ့ ထောက်ခံမဲအရေအတွက်မရသူ မွန်ပြည်နယ်မှာ ၁၄၀ ကျော်ရှိတယ်" ဟု ဦးဟိဏ်းလင်းထက်ကပြောသည်။

 

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲဝင်ခွင့်အာမခံငွေ ကျပ်သုံးသိန်းကို ပေးသွင်းထားရပြီး သတ်မှတ်မဲရလဒ် ပြည့်မီမှသာ ပြန်လည်ထုတ်ယူနိုင်ကြောင်းနှင့် သတ်မှတ်ရာခိုင်နှုန်းမပြည့်မီပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။

 

မွန်ပြည်နယ် သံဖြူဇရပ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၂ တွင် ခိုင်လုံမဲ ၅၆ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သော မွန်ညီညွတ်ရေးပါတီမှ နိုင်လယိတမက ၎င်း၏ အာမခံကြေး ပြန်လည်ထုတ်ယူရန် သက်ဆိုင်ရာကော်မရှင်က အကြောင်းကြားဆက်သွယ်လာခြင်းမျိုး မရှိသေးကြောင်း ဒီဇင်ဘာ ၁၇ မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။

 

"နိုင်ငံ့ဘဏ္ဍာထဲဝင်သွားတာမို့ ပြန်ရရ၊ မရရ ကျေနပ်ပြီးသားပါ။ ကိုယ်က လုပ်ငန်းရှင်တစ်ယောက်လည်းမဟုတ်ခဲ့တော့ အရင်ကလည်း နိုင်ငံတော် အခွန် ပုံမှန်ဆောင်သူထဲ ကိုယ်မပါခဲ့ဘူး။ ခုဆို ဘဏ္ဍာငွေပေးသွင်းခွင့်ရတာပေါ့" ဟု ခိုင်လုံမဲရာခိုင်နှုန်း သုည ဒသမ ၇၆ % သာရရှိသဖြင့် ရွေးကောက်ပွဲအာမခံကြေးဆုံးရှုံးမည့် ၈၈ မျိုးဆက်ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်လောင်း ဦးရန်နိုင်စိုးက မှတ်ချက်ပြုသည်။

 

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို တစ်သီးပုဂ္ဂလများအပါအဝင် ပါတီပေါင်း ၉၀ ကျော်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၉၀၀ ကျော် ဝင်ပြိုင်ခဲ့ကြပြီး ၎င်းတို့၏ ရွေးကောက်ပွဲရလဒ်များကို ဆန်းစစ်သုံးသပ်ချက်များအရ အများစုသည် သတ်မှတ်မဲအရေအတွက် မပြည့်မီကြောင်းတွေ့ရသဖြင့် အာမခံဆုံးရှုံးငွေမှ နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ကျပ်သိန်းပေါင်း သောင်းနှင့်ချီ၍ ရရှိမည့် အနေအထားဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...