နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်တွင် အမျိူးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၃ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ လေးဦး အနိုင်ရရှိခဲ့သည်။ ယင်းသို့ ရွေးကောက်ခံရသည့် အမျိူးသမီးကိုယ်စားလှယ် လေးဦးတွင် ဒေါက်တာအေးအေးငွန်မှလွဲ၍ ကျန်သုံးဦးသည် လက်ရှိလွှတ်တော်အမတ်ဖြစ်ကြပြီး ပြန်လည်အရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် လာမည့် လွှတ်တော်သက်တမ်း ငါးနှစ်တာကာလအတွင်း မည်သည့်အရာများ ဦးစားပေးဆောင်ရွက်ရန်လျာထားသလဲ ဆိုသည်နှင့် ပတ်သက်၍ ယခုနှစ်ရွေးကောက်ပွဲတွင်အနိုင်ရ အမျိုးသမီးကိုယ်စားလှယ်များ၏ ပြောကြားချက်များကို ဖော်ပြလိုက်ရပါသည်။
ဒေါ်ကျိန်ငိုက်မန် (ZCD - တွန်းဇံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
“ကျွန်မတို့ ၂၀၁၅ နဲ့ ၂၀၂၀ ကြားမှာတော့ အဓိက ကျွန်မတို့ ချင်းပြည်နယ်မှာဆိုရင် Infrastructure (အခြေခံအဆောက်အအုံ) တော်တော်များများ ပြီးစီးမှုတွေရှိတယ်။ ဒါတွေအကုန်လုံးက ဝိုင်းပြီးမှ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရရှိတဲ့ရလဒ်ပါ။ လမ်းပန်းဆက်သွယ်ရေးဆိုရင်တော့ တီးတိန်၊ တွန်းဇံ၊ ကျီးခါးလမ်း လမ်းမကြီးလည်းကောင်းသွားပြီ။ ဒါပေမဲ့ စိတ်တိုင်းကျတော့မရှိသေးပါဘူး။ လမ်းမကြီးတွေ တော်တော်များများပြီးတယ်။ ကျေးလက်လမ်းတွေကို လုပ်ပေးဖို့လိုပါသေးတယ်။
၂၀၂၀ မှာတော့ ကျွန်မတို့ဘာလုပ်ရတော့မှာလဲဆိုရင်တော့ ကျွန်မတို့ ချင်းပြည်နယ် လိုအပ်တာကတော့ အလုပ်အကိုင်အခွင့်အလမ်းအရမ်းနည်းသေးတယ်။ အဲဒီအတွက်ကျွန်မတို့ဘာလုပ်ရမလဲဆိုတော့ လူငယ်တွေအ နေနဲ့ skill တစ်ခုတစ်ခုတတ်ဖို့လိုပါတယ်။ ဒါကိုကျွန်မတို့ ဦးစားပေးချင်တာ၊ လူငယ်တွေဟာ ခေတ်အဆက်ဆက် ရဲ့ ပညာရေးမကောင်းခဲ့တဲ့ အားနည်းချက်တွေအများကြီးကြောင့်မို့လို့ ပညာရေးဆုံးခန်းတိုင်အောင် မသင်ယူခဲ့ရ ဘူး။ ကျွန်မတို့ တောင်ပေါ်ဒေသဆိုရင်ပိုပြီးမှ ပညာကောင်းစွာမသင်ခဲ့ရဘူး။ ဘာကြောင့်လဲဆိုရင်တော့ ဆရာ/ဆရာမ မလုံလောက်မှုတွေ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲမှုတွေ, အဲဒီရဲ့ဆိုးကျိုးတွေ၊ စားဝတ်နေရေးအခက်အခဲတွေကြောင့် ကျောင်းသူ/ကျောင်းသားတော်တော်များ စာမသင်ရတဲ့လူငယ်တွေ၊ ပညာရေးနဲ့အလှမ်းဝေး ခဲ့ရတာရှိတယ်။ အဲဒီကလေးတွေ ကျွန်မတို့ အသက်မွေးဝမ်းကြောင်း ပညာသင်ကြားပေးဖို့ ကျွန်မတို့အခန်းကဏ္ဍပါပဲ။ ဒါမှသာလျှင် နိုင်ငံရဲ့ လူသားအရင်းမြစ်စွမ်းအားတွေဖော်ထုတ်ပေးနိုင်မှာပါ။ ဒါတွေကတော့ အဓိကလိုအပ်တဲ့အရာတွေပေါ့လေ။
နောက်ပြီး ဒေသခံပြည်သူများ စားဝတ်နေရေးအဆင်ပြေအောင် ကျွန်မတို့ ဆောင်ရွက်နိုင်ဖို့ လာမယ့်အနာဂတ်မှာ စိုက်ပျိုးမွေးမြူရေးအခြေခံပြီးတော့မှ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းအေကာင်အထည်ဖော်ဖို့လိုတယ်။ တွန်းဇံဧရိ ယာမှာတော့ ပိုးမွေးမြူရေးကစတင်နေပါပြီ။ ပိုးမွေးမြူရေးကနေ ရက်ကန်းတွေကစ ကျွန်မတို့ဆောင်ရွက်ဖို့လိုပါတယ်။ ဆိုတော့ ခြုံငုံပြီးပြောရမယ်ဆိုရင် တစ်ဦးခြင်းဝင်ငွေ GDP တက်အောင် ကျွန်မတို့ စိုက်ပျိုးမွေးမြူရေးကို အခြေခံမယ်။ လက်မှုပညာတွေ လူငယ်တွေကို ဦးစားပေးမယ်။ ပြီးတော့ အိမ်တွင်း အိုးနဲ့အိမ်နဲ့မကွာအောင် အမျိုးသမီးတွေ ဝင်ငွေရရှိအောင်နိုင်ကျွန်မတို့လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်”
ဒေါ်နီရွှေလျန် (NLD - ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)
“နောက်သက်တမ်းမှာတော့ ပထမဆုံးချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ဖွံ့ဖြိုးရေးဆိုတဲ့နေရာမှာ လမ်းပါမယ်၊ ပညာရေး၊ ကျန်းမာရေး၊ နောက်ရေ၊ လျှပ်စစ်မီး အကုန်လုံးပေါ့။ အဲဒီထဲမှာ ကျွန်မကတော့ စိတ်ဝင်စားဆုံးတော့ အဓိက ပညာရေးပါ။ ကျွန်မကတော့ ပညာရေးမှာလုပ်လာခဲ့တာ နှစ်ပေါင်း ၃၄ နှစ်လုပ်လာခဲ့တာ။ အဲဒီ ၃၄နှစ် လုံးလုံးကလည်း ချင်းပြည်နယ်မှာပဲဆိုတော့ ပညာရေးရဲ့ အားနည်းချက် အားသာချက်တွေကို တော်တော်လေး ကိုယ်တိုင်ကြုံခဲ့တယ်။ အဲဒါကြောင့် ၂၀၂၁ နောက်ပိုင်းမှာဆိုရင် ပညာရေးမှာလိုအပ်တဲ့ ဥပမာ - ကျောင်းဆင့်တိုး တာတို့၊ နောက်ဆရာဆရာမတွေ၊ နောက်သင်ကြားရေးမှာ ကျောင်းတိုင်းရဲ့ သင်ထောက်ကူပစ္စည်းတွေ၊ နောက်ဆ ရာ၊ဆရာမတွေရဲ့ နေထိုင်ရမယ့်အဆောက်အဦးတွေ တော်တော်လေးလိုတယ်။ သူတို့အနေအထိုင်တော်တော်လေး ကို အဆင်မပြေကြဘူး။ နောက်ကလေးတွေရဲ့သင်ကြားရေးပိုင်းမှာ ဥပမာ - ရွာတိုင်းမှာ မီးကအစ အဆင်မပြေဘူး။ မီးဆိုရင် လွှတ်တော်မှာလည်း ကျွန်မကိုယ်တိုင်တောင်းပြီးပြီ။ ထန်တလန်မြို့နယ်တစ်နယ်လုံးကို ရွာပေါင်း ၉၀ ကျော်ကို မဟာဓာတ်အားလိုင်းဆက်သွယ်ပေးဖို့ တောင်းတယ်။
ချင်းမှာ တခြားသယံဇာတ တွင်းထွက်ပစ္စည်းမရှိဘူး။ ကျွန်မတို့ ချင်းပြည်နယ်မှာ အဓိက ပညာရေးကို တတ်နိုင် ဆုံးပြုစုပျိုးထောင်လို့ရှိရင် တစ်နေ့ကျရင် ကျွန်မတို့လည်း တဖြည်းဖြည်းတိုးတက်လာမယ်။ အဲဒီအတွက်ကြောင့် ပညာရေးကို စိတ်ဝင်စားဆုံးပဲ။ ကိုယ်တိုင်လည်း ပညာရေးဌာနကမှာ ၃၄ နှစ်လုပ်လာခဲ့တဲ့အတွက်ကြောင့် အားနည်းချက် အားသာချက်ကို ကိုယ့်အနေနဲ့ ချိန်စလို့ရတယ်။ ဒါကြောင့် ပညာရေးကို နံပတ်တစ်မှာထားပါတယ်’’
ဒေါ်ခင်ရွှေလွင် (NLD - ကန်ပက်လက်မြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ်)
“ကိုယ့်ရဲ့ဒေသကတော့ မဖွံ့ဖြိုးသေးတဲ့ဒေသဖြစ်တဲ့အတွက် တတ်နိုင်သလောက် ကိုယ့်ရဲ့ဒေသဖွံ့ဖြိုးတိုးတက်ရေး ကို အဓိကထားပြီး ဆောင်ရွက်မှာပေါ့။ အခု ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတုန်းမှာ ဆောင်ရွက်ဆဲလုပ်ငန်း လေးတွေရှိတယ်။ အဲဒီဟာတွေလည်းဆက်လုပ်နိုင်အောင်ပေါ့။ ပြီးတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပေဒကြမ်းကို လာမယ့် တတိယအကြိမ်လွှတ်တော်မှာ ဆွေးနွေးရမယ်ထင်တယ်။ အဲဒီဟာအပေါ်မှာလည်း အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်အောင် အကြမ်းဖက်မှုတွေလျော့နည်းသွားအောင် ဒီဟာမျိုးတွေ ဥပဒေအရအကာအကွယ်ပေးနိုင်ဖို့ ဆွေးနွေးဆောင်ရွက်သွားမယ်လို့ စဉ်းစားထားပါတယ်။
ကိုယ့်ကိုမဲပေးခဲ့တဲ့ မဲဆန္ဒရှင်တွေအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့ ဘာပဲဖြစ်ဖြစ်ချင်းပြည်နယ်ကတော့ သိတဲ့အတိုင်းပဲ ဆင်းရဲနွမ်းပါးမှုတွေရှိတယ်။ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတော့ ပညာရေး၊ ကျန်းမာရေးတွေမှာလည်း နိမ့်ကျနေတာတွေအများကြီး ရှိတယ်။ ဒါကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်သွားအောင် သက်ဆိုင်ရာဌာနတွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်လို့ရတဲ့ဟာတွေ ဆောင်ရွက်မယ်။ မြို့နယ်တွေမှာဆိုရင် ဥပမာ - ပြည်နယ်အစိုးရကို တိုက်တွန်းပြီးမှ ဆောင်ရွက်ဖို့လိုအပ်တာရှိရင်လည်း တိုက်တွန်းဆောင်ရွက်မယ်။ ဥပမာ - လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ပြည်ထောင်စုမှာ တောင်းဆိုရမယ်ဆိုရင်လည်း လွှတ်တော်ကိုယ်စားတစ်ယောက်အနေနဲ့ တောင်းဆိုပြီးတော့ ကိုယ့်ရဲ့ဒေသ ဒီထက်မက အခုငါးနှစ်ထက်ပိုပြီး အားထုတ်ပြီးတော့ လုပ်သွားမယ်လို့တော့စဉ်းစားထားပါတယ်။
လွှတ်တော်ကိုယ်စားတစ်ယောက်အနေနဲ့တော့ ကိုယ့်ရဲ့ မဲဆန္ဒနယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားကျိုးမာန်တက် ဘာပဲဖြစ်ဖြစ် ပြည်သူတွေပိုပြီးမှ ကောင်းမွန်တဲ့ ဘဝတစ်ခု အရိပ်တစ်ခုဖြစ်အောင်ကိုယ်ကတော့ အဲဒါလေးတွေ ကို အားသွန်ခွန်စိုက်ကြိုးစားသွားပါမယ်။ ပေးအပ်လာတဲ့တာဝန်တွေကို ပြည်သူတွေကိုယ်စားပြုပြီးဆောင်ရွက် သွားမှာပါ”
ဒေါက်တာအေးအေးငွန် (NLD - ဟားခါးမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ်)
“ကျွန်မကတော့ ပါမောက္ခတစ်ယောက်ဆိုတော့ ပညာရေးကိုပဲ ပြုပြင်စရာရှိတာ ပြုပြင်မယ်။ မြှင့်တင်စရာရှိတာ မြှင့်တင်မယ်။ လိုအပ်ချက်ဘာလဲဆိုတာကို ကြည့်ပြီးတော့ ကိုယ်ကဖြည့်ဆည်းဖို့ လုပ်ပေးဖို့၊ အဲဒါတွေကိုပဲ ရည် ရွယ်ထားတာပေါ့လေ။ အဓိကတော့ သူတို့မှာလိုအပ်တဲ့ ပညာရေးနဲ့ပတ်သက်တဲ့ အထူးသဖြင့် မူလတန်းကလည်း အရမ်းအရေးကြီးတယ်လေ။ ရွာတွေမှာဆိုရင် မူလတန်းကအရမ်းအရေးကြီးတယ်။ နောက်အဆင့်ဆင့်အရေးကြီး ပါတယ်။ နောက်ဒီမြို့ကြီးမှာဆိုရင် အထက်တန်းကျောင်းတွေမှာလည်း လိုအပ်ချက်တွေအများကြီးရှိတယ်။ ဥပမာ- ဆရာ ဆရာမ မလုံလောက်တာတို့၊ သူတို့ရတဲ့ဘွဲ့နဲ့ သင်နေရတဲ့ ဘာသာရပ်တွေမကိုက်ညီတာတို့၊ နောက်ပြီးတော့ အတွေ့အကြုံ စာစစ်အတွေ့အကြုံ၊ တွေလိုအပ်ချက်တွေ အဲဒါတွေလည်းအများကြီးပြင်ရမှာလေ။ ဒါတွေကတော့ အရင်ဆုံးပြင်ရမယ်။
ပြီးတော့ ဆရာ/ဆရာမတွေမလုံလောက်မှုကို ဘယ်လိုဖြည့်ဆည်းရမလဲ၊ ဘယ်လိုခန့်အပ်မလဲဆိုတာမျိုး အဲဒါတွေလုပ်ဖို့ရှိတယ်။ ပထမဆုံးလိုအပ်တာ အဓိကတော့ လောလောဆယ်လိုအပ်တာ ဆရာ/ဆရာမ မလုံလောက်တာပဲ တချို့တောရွာကျေးရွာတွေမှာဆိုရင် ဆရာ/ဆရာမလုံးဝမရှိတဲ့ကျောင်းတွေရှိတယ်။ အဲဒါကျတော့ ဆရာ/ဆရာမ မရှိပဲ ဘယ်လိုလုပ် ကျောင်းသားတွေကစာတတ်မှာလဲ။ အဲဒါအရင်ဆုံးဖြည့်ဖို့လိုတယ်။ ပညာရေးကို မြှင့်တင်မယ်ဆိုရင်၊ နောက်ပြီးတော့ ဆရာ/ဆရာမ အရည်အချင်းကလည်း ပြည့်စုံရမယ့်အပြင် စိတ်ရှည်ပြီး စေတနာရှိ ရှိနဲ့သင်ပေးမယ့် ဆရာ/ဆရာမတွေအများကြီးလိုအပ်တယ် အဖြစ်သင်တာမျိုးမဟုတ်ဘဲနဲ့လေ ဒါမျိုးလေးတွေပေါ့။ အဲဒါအရေးအကြီးဆုံးပဲ။ ဒါတွေကိုအရင်ဆုံးလုပ်ဖို့စဉ်းစားတာပေါ့လေ။ ကျွန်မတို့လည်း အတတ်နိုင်ဆုံးကြိုးစားမယ်။ ပြည်သူတွေကရော၊ အားလုံးကလည်း စေတနာနဲ့ လိုအပ်ချက်တွေကို ကူညီဖို့ပံ့ပိုးပေးဖို့ တောင်းဆိုပါတယ်။ လိုအပ်တာရှိရင်လည်း အကြံဉာဏ်လေးတွေပေးကြပါ”