တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲကျင်းပခွင့်မရခဲ့သည့် ဒေသများတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအပါအဝင် တိုက်ပွဲများကြောင့် အခက်အခဲတွေ့နေရသည့် ပြည်သူများ၏အရေးအတွက် မြန်မာ့တပ်မတော်နှင့် ULA/AA တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အကြောင်းအရာများကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်က နှစ်ဖက်ခေါင်းဆောင်များက အွန်လိုင်းမှတစ်ဆင့် မိနစ် ၃၀ ကြာ အကြမ်းဖျင်း ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက်တွင် ULA/AA က ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
ရွေးကောက်ပွဲကျင်းပခွင့်မရခဲ့သည့် မြို့နယ်များအားလုံး၌ ပြည်သူများ၏ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲ စံချိန်စံညွှန်းနှင့်ပြည့်စုံရန်အတွက် ဆက်စပ်ရွေးကောက်ပွဲများကို အချိန်မီပြန်လည်ကျင်းပနိုင်ရန်၊ အခြေခံစားသောက်ကုန်၊ ရိက္ခာ၊ ဆေးဝါးများပြတ်လပ်နေပြီး သယ်ယူပို့ဆောင်ရန် အခက်အခဲဖြစ်နေသော ကျေးရွာများအားလုံးသို့ ဆေးဝါး၊ ရိက္ခာများ အမြန်ဆုံးရောက်ရှိနိုင်ရေးနှင့် အန္တရာယ်ကင်းစွာ သယ်ယူပို့ဆောင်နိုင်ရေးကို နှစ်ဖက်စလုံးမှ အလေးထားဆောင်ရွက်ကြရန်၊ ရရှိထားပြီးသော အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများကို ဆက်လက်ထိန်းသိမ်းသွားကြရန် စသည့်အချက်များကို ဆွေးနွေးခဲ့ကြောင်း ULA/AA ၏ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ထို့ပြင် တိုက်ပွဲကာလများအတွင်း ပိတ်ဆို့နေသောကုန်းလမ်း၊ ရေလမ်းများတွင် ဒေသခံပြည်သူလူထုများ စိုးရိမ်ကြောင့်ကြကင်းမဲ့စွာဖြင့် ခရီးသွားလာနိုင်ရန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို အန္တရာယ်ကင်းစွာ သယ်ယူပို့ဆောင်နိုင်ရန်၊ တိုက်ပွဲဖြစ်ပွားရာ ဒေသများအားလုံးမှ ပြည်သူလူထုများ၏ ဘဝလုံခြုံမှု၊ ငြိမ်းချမ်းမှုအတွက် နည်းလမ်းများရှာဖွေပြီး ဆောင်ရွက်သွားရန်ဟူသည့် အချက်နှစ်ချက်ကိုလည်း အလေးထား ဆောင်ရွက်ပေးရန် ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု ULA/AA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် နှစ်ဖက် လူချင်းတွေ့ဆုံဆွေးနွေးနိုင်မည့် အခြေအနေတစ်ရပ်ကို ဆက်လက်ဆွေးနွေးညှိနှိုင်း နေကြဆဲဖြစ်ကြကြောင်း သိရသည်။
ယခုလပိုင်းတွင် နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ရခိုင်၊ ပလက်ဝဒေသများအတွင်း စစ်ရေးလှုပ်ရှားမှု၊ ရိက္ခာ၊ လက်နက်ခဲယမ်း သယ်ယူပို့ဆောင်နေမှုများရှိသော်လည်း မြေပြင်၌နှစ်ဖက် တိုက်ပွဲများဖြစ်ပွားခြင်း "လုံးဝ" မရှိတော့ဘဲ တိုက်ပွဲများသည်လည်း သိသာစွာ လျော့ကျခဲ့ပြီး နှစ်ဖက်တိုက်ပွဲ မဖြစ်ပွားခဲ့သည်မှာ ရက်ပေါင်း (၂၀) ကျော်ခဲ့ပြီဖြစ်သည်ဟု ULA/AA က ဆိုသည်။
ဆက်လက်၍ တစ်နှစ်နီးပါးကြာရပ်တန့်နေခဲ့သော မိမိတို့ မြောက်ပိုင်းမဟာ မိတ်များနှင့် တွေ့ ဆုံဆွေးနွေးနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများလည်း ပြန်လည်စတင်နိုင်လိမ့်မည်ဟု ၎င်းတို့အဖွဲ့ အစည်းများက ယုံကြည်မျှော်လင့်နေကြကြောင်း ULA/AA ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြ ထားသည်။
အစိုးရ၊ တပ်မတော်နှင့် ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေကြသည့် မြောက်ပိုင်း မဟာမိတ် လေးဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNTJP/MNDAA တို့ဖြစ်သည်။
ထိုအဖွဲ့များအနေဖြင့် ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးပါက တစ်ဖွဲ့ချင်းစီ လက်မှတ်ရေးထိုးမည်ဖြစ်သော်လည်း ကြိုတင်ကန့်သတ်ချက်များမရှိပဲ အတူတကွ တစ်နေရာတည်း တစ်ကြိမ်တည်း တစ်ချိန်တည်း လက်မှတ်ရေးထိုးမည်ဟု ဆိုထားသည်။
ထို့အပြင် ထိုအဖွဲ့များသည် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်းဖြစ်သည်။