ရွေးကောက်ပွဲကျင်းပခွင့်မရခဲ့သည့်ဒေသများတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး တပ်မတော်နှင့် ULA/AA တို့ ဆွေးနွေး

ရွေးကောက်ပွဲကျင်းပခွင့်မရခဲ့သည့်ဒေသများတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး တပ်မတော်နှင့် ULA/AA တို့ ဆွေးနွေး

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲကျင်းပခွင့်မရခဲ့သည့် ဒေသများတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအပါအဝင် တိုက်ပွဲများကြောင့် အခက်အခဲတွေ့နေရသည့် ပြည်သူများ၏အရေးအတွက် မြန်မာ့တပ်မတော်နှင့် ULA/AA တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြောင်းအရာများကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်က နှစ်ဖက်ခေါင်းဆောင်များက အွန်လိုင်းမှတစ်ဆင့် မိနစ် ၃၀ ကြာ အကြမ်းဖျင်း ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက်တွင် ULA/AA က ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကျင်းပခွင့်မရခဲ့သည့် မြို့နယ်များအားလုံး၌ ပြည်သူများ၏ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲ စံချိန်စံညွှန်းနှင့်ပြည့်စုံရန်အတွက် ဆက်စပ်ရွေးကောက်ပွဲများကို အချိန်မီပြန်လည်ကျင်းပနိုင်ရန်၊ အခြေခံစားသောက်ကုန်၊ ရိက္ခာ၊ ဆေးဝါးများပြတ်လပ်နေပြီး သယ်ယူပို့ဆောင်ရန် အခက်အခဲဖြစ်နေသော ကျေးရွာများအားလုံးသို့ ဆေးဝါး၊ ရိက္ခာများ အမြန်ဆုံးရောက်ရှိနိုင်ရေးနှင့် အန္တရာယ်ကင်းစွာ သယ်ယူပို့ဆောင်နိုင်ရေးကို နှစ်ဖက်စလုံးမှ အလေးထားဆောင်ရွက်ကြရန်၊ ရရှိထားပြီးသော အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများကို ဆက်လက်ထိန်းသိမ်းသွားကြရန် စသည့်အချက်များကို ဆွေးနွေးခဲ့ကြောင်း ULA/AA ၏ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထို့ပြင် တိုက်ပွဲကာလများအတွင်း ပိတ်ဆို့နေသောကုန်းလမ်း၊ ရေလမ်းများတွင် ဒေသခံပြည်သူလူထုများ စိုးရိမ်ကြောင့်ကြကင်းမဲ့စွာဖြင့် ခရီးသွားလာနိုင်ရန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို အန္တရာယ်ကင်းစွာ သယ်ယူပို့ဆောင်နိုင်ရန်၊ တိုက်ပွဲဖြစ်ပွားရာ ဒေသများအားလုံးမှ ပြည်သူလူထုများ၏ ဘဝလုံခြုံမှု၊ ငြိမ်းချမ်းမှုအတွက် နည်းလမ်းများရှာဖွေပြီး ဆောင်ရွက်သွားရန်ဟူသည့် အချက်နှစ်ချက်ကိုလည်း အလေးထား ဆောင်ရွက်ပေးရန် ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု ULA/AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် နှစ်ဖက် လူချင်းတွေ့ဆုံဆွေးနွေးနိုင်မည့် အခြေအနေတစ်ရပ်ကို ဆက်လက်ဆွေးနွေးညှိနှိုင်း နေကြဆဲဖြစ်ကြကြောင်း သိရသည်။

ယခုလပိုင်းတွင် နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ရခိုင်၊ ပလက်ဝဒေသများအတွင်း စစ်ရေးလှုပ်ရှားမှု၊ ရိက္ခာ၊ လက်နက်ခဲယမ်း သယ်ယူပို့ဆောင်နေမှုများရှိသော်လည်း မြေပြင်၌နှစ်ဖက် တိုက်ပွဲများဖြစ်ပွားခြင်း "လုံးဝ" မရှိတော့ဘဲ တိုက်ပွဲများသည်လည်း သိသာစွာ လျော့ကျခဲ့ပြီး နှစ်ဖက်တိုက်ပွဲ မဖြစ်ပွားခဲ့သည်မှာ ရက်ပေါင်း (၂၀) ကျော်ခဲ့ပြီဖြစ်သည်ဟု ULA/AA က ဆိုသည်။

ဆက်လက်၍ တစ်နှစ်နီးပါးကြာရပ်တန့်နေခဲ့သော မိမိတို့ မြောက်ပိုင်းမဟာ မိတ်များနှင့် တွေ့ ဆုံဆွေးနွေးနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများလည်း ပြန်လည်စတင်နိုင်လိမ့်မည်ဟု ၎င်းတို့အဖွဲ့ အစည်းများက ယုံကြည်မျှော်လင့်နေကြကြောင်း  ULA/AA ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြ ထားသည်။

အစိုးရ၊ တပ်မတော်နှင့် ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေကြသည့် မြောက်ပိုင်း မဟာမိတ် လေးဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNTJP/MNDAA တို့ဖြစ်သည်။

ထိုအဖွဲ့များအနေဖြင့် ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးပါက တစ်ဖွဲ့ချင်းစီ လက်မှတ်ရေးထိုးမည်ဖြစ်သော်လည်း ကြိုတင်ကန့်သတ်ချက်များမရှိပဲ အတူတကွ တစ်နေရာတည်း တစ်ကြိမ်တည်း တစ်ချိန်တည်း လက်မှတ်ရေးထိုးမည်ဟု ဆိုထားသည်။

ထို့အပြင် ထိုအဖွဲ့များသည် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...