ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတထက်မြင့်တဲ့ အတိုင်ပင်ခံရာထူး တပ်မတော်ခန့်အပ်ဆိုတဲ့ သတင်းအမှား

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတထက်မြင့်တဲ့ အတိုင်ပင်ခံရာထူး တပ်မတော်ခန့်အပ်ဆိုတဲ့ သတင်းအမှား

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတထက်မြင့်တဲ့ အတိုင်ပင်ခံရာထူး တပ်မတော်ခန့်အပ်လိုက်ပြီဆိုတဲ့ ရုပ်သံသတင်းတစ်ခုကို Burmese Political ဆိုတဲ့ Youtube Channel ကနေ ဒီဇင်ဘာလ ၁ ရက်နေ့မှာ တင်ခဲ့တာကို တွေ့ရပါတယ်။

Burmese Political Youtube Channel ကတင်ခဲ့တဲ့ ရုပ်သံသတင်းကို ဒီလင့် https://bit.ly/2VuRAnz မှာ ကြည့်ရှု့လို့ရပါတယ်။

Burmese Political Youtube Channel က တင်ခဲ့တဲ့ အဲဒီရုပ်သံသတင်းဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က တပ်မတော် သတင်းမှန်ပြန်ကြား ရေးအဖွဲ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသွားတာ မရှိပါဘူး။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ တပ်မတော်က အကြံပေးခန့်အပ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ သတင်း ထောက် တွေရဲ့ မေးမြန်းချက်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားသွားတာ ရှိပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတထက်မြင့်တဲ့ အတိုင်ပင်ခံ ခန့်တယ်ဆိုပြီး ပြောဆိုသွားခြင်း မရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲကို ဒီလင့် https://bit.ly/37etgf6 မှာ ကြည့်နိုင်ပါတယ်။

အဲဒီရုပ်သံသတင်းထဲမှာဆိုရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတထက်မြင့်တဲ့ အတိုင်ပင်ခံရာထူး တပ်မတော်ခန့်လိုက်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ မကိုက်ညီတဲ့ တခြားအကြောင်းအရာတွေကို အဓိကထားပြောသွားတာကို တွေ့ရပါတယ်။

ရုပ်သံသတင်းအရဆိုရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူမယ့်ကိစ္စရပ်တွေ၊ အရင်က နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့တဲ့ ကိစ္စရပ်တွေ၊ ဂျပန်သတင်းဌာနနဲ့ ဗိုလ်ချုပ်မှူးကြီးတို့ အင်တာဗျူးခဲ့တဲ့ ကိစ္စရပ်တွေအပြင် ရွေးကောက်ပွဲပြီးတဲ့နောက်မှာ Facebook လူမှုကွန်ရက်စာမျက်နှာတွေ မှာ ရေးသားထားကြတဲ့ အကြောင်းအရာ၊ ထင်မြင်ချက်တွေကို သတင်းအချက်အလက်အဖြစ်ဖန်တီးကာ ရုပ်သံအဖြစ် ပြုလုပ်ထားတာကို တွေ့ရပါတယ်။

အဆိုပါရုပ်သံ သတင်းကို လက်ရှိအချိန်အထိ ကြည့်ရှုသူဦးရေ တစ်သောင်းနှင့်အထက်မှာ ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။

လက်ရှိတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး ပြည်ထောင်စု၏ အင်္ဂါ စဉ် အရ ဒေါ်အောင်ဆန်းစုကြည်သည် ဒု-သမ္မတ ၁ နှင့် ၂ တို့အထက်တွင် ရှိသော်လည်း သမ္မတရဲ့ အောက် မှာ ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စု အင်္ဂါစဉ်ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဒီလင့်မှာ https://bit.ly/39HHiIO တွေ့နိုင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖြစ်လာတဲ့ နိုင်ငံတော် သမ္မတရုံးရဲ့ ပြည်ထောင်စု အင်္ဂါစဉ် ထုတ်ပြန်ချက်ကို ကြည့်မယ်ဆိုရင် သမ္မတထက်မြင့်တဲ့ ရာထူးမရှိဘူးဆိုတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအတက်အကျ အပြောင်းအလဲဖြစ်လာနေတဲ့ ရွေးကောက်ပွဲအလွန်ကာလမှာဆိုရင် သတင်းအမှားတွေ ဖြန်နေတဲ့ Youtube Channel တော်တော်များများဟာ လူတွေ စိတ်ဝင်စားစေတဲ့ ခေါင်းစဉ်တွေကိုတပ် တကယ့်မြေပြင်မှာ အမှန်မဟုတ်တဲ့ အချက်အလက်တွေကို ထည့်သွင်းပြီးတော့ ဗီဒီယိုတော်တော်များများကို ပြုလုပ်ကာ သတင်းအမှားတွေကို ဖြန့်ဝေနေတာကို တွေ့နေရပါတယ်။

ဒီလိုပုံစံမျိုးစုံနဲ့ သတင်းအမှားတွေကို တွေ့ရတဲ့အတွက် Facebook မှာသာမက Youtube မှာ တင်ထားတဲ့ သတင်းတွေကိုပါ ချင့်ချိန်ပြီးမှ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...