ကရင်မီဒီယာများ အားကောင်းလာရေး အားပေးလိုသည်

ကရင်မီဒီယာများ အားကောင်းလာရေး အားပေးလိုသည်

ပြီးခဲ့သည့် လပိုင်းများအတွင်း အင်တာနက်လူမှုကွန်ရက်စာမျက်နှာများတွင် ကရင်သတင်းမီဒီယာဆိုသည့် စာမျက် နှာသစ်များ ပေါ်ထွက်လာသည်ကိုတွေ့ရသည်။ ထို့အပြင် ဧရာ၀တီတိုင်း (ခ) မြစ်ဝကျွန်းပေါ်ဒေသတွင် မီဒီယာလုပ် ငန်းကို ဝါသနာပါပြီး အင်တာနက်သတင်းမီဒီယာ စာမျက်နှာတစ်ခု တည်ထောင်ထားသူ မိတ်ဆွေတစ်ဦးက တရားဝင် မှတ်ပုံတင်ရန် တိုင်ပင်ခြင်းများလည်း ရှိခဲ့သည်။

ထိုသို့ ကရင်နှင့် သက်ဆိုင်သည့် သတင်းများကို ဦးစားပေးတင်ဆက်ရန် ရည်ရွယ်ထားသည့် မီဒီယာများနှင့် မီဒီယာကို ဝါသနာ အရင်းခံဖြင့် လုပ်ကိုင်လိုသူ လူငယ်များ ပေါ်ထွက်လာခြင်းကို အားရဝမ်းသာ ဖြစ်ရသည်။ ၂၁ရာစု ဆက်သွယ် ရေးနည်းပညာခေတ်ကြီးတွင် သတင်းများကို အလွယ်တကူသိနိုင်သော်လည်း မိမိတို့နိုင်ငံမှာ နှစ် ၅၀ကျော်ကြာ သတင်းလွတ်လပ်ခွင့် ပိတ်ပင်ခံခဲ့ရပြီး လွတ်လပ်သည့် သတင်းစာများ ပေါ်ထွက်လာမှုမှာ ၈နှစ်ခန့်သာ ရှိသေးသည်။

သတင်းမီဒီယာဟူသည်မှာ ဝါသနာပါသည့်တိုင် သတင်းစာပညာကို စနစ်တကျ လေ့လာသင်ကြားခွင့်များအပြင် တာဝန်ယူမှု၊ တာဝန်ခံမှုများ ပါဝင်သော မီဒီယာကျင့်ဝတ်ကို အာဂုံဆောင် မှတ်သားလိုက်နာကာ ကိုယ်တိုင်လည်း သတင်းစာပညာကို လုပ်ကိုင်ရင်း၊ လေ့လာသင်ယူရင်း ဆောင်ရွက်နေရမည် ဖြစ်သည်။ မျက်မှောက်ခေတ်တွင် သတင်း မီဒီယာဌာနကြီးများ၊ မီဒီယာကုမ္ပဏီကြီးများ ရှိသည့်နိုင်ငံများက ကမ္ဘာ့အရေးအရာများတွင် ဦးဆောင်မှုပြုနေသည်ကို တွေ့ရှိရသည်။ သို့သော် အခြားတစ်ဖက်တွင်လည်း သတင်းမီဒီယာကို အများပြည်သူအား မှန်ကန်တိကျ ခိုင်လုံသော သတင်းသိပိုင်ခွင့်ထက် ဝါဒဖြန့်ချိရေး ယန္တရားအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုမှုများကိုလည်း တွေ့နေရသည်။

ကရင်လူမျိုးများသည် တစ်ချိန်က သတင်းမီဒီယာအပိုင်းတွင် အတန်အသင့် အားကောင်းခဲ့သည်ဟု ဆိုရပေမည်။ သမိုင်းကိုပြန်ကြည့်လျှင် ၁၈၄၁ခုနှစ်က မော်လမြိုင်၌ စတင် ထုတ်ဝေခဲ့သည့် ဆာထုဝေါ်(မိုးသောက်ကြယ်) သတင်းစာ ကို စကောကရင်နှင့် အင်္ဂလိပ်စာ နှစ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့သည့်အပြင် ၁၈၈၅ခုနှစ်တွင် အမျိုးသားသတင်းစာကို အယ်ဒီတာအဖြစ် ဒေါက်တာတီသံပြာက ထုတ်ဝေခဲ့သည်။ ၁၉၁၀ပြည့်နှစ်မှ ၁၉၂၀ပြည့်နှစ်အထိ ဆာထုဟား(Evening Star) သတင်းစာ၊ ရီကော်တာ(Recorder) အပတ်စဉ် သတင်းစဉ်၊ ကရင်မဂ္ဂဇင်းနှင့် ထိုစဉ်က အင်းစိန်နှစ်ခြင်းစာသင် ကျောင်း၏ ဘူလက်တင်(Bulletin)သတင်းစာ၊ ယုဒဿန်ကောလိပ် ကရင်ကျောင်းသူကျောင်းသားများ၏ နှစ်စဉ်ထုတ် ကရင်မဂ္ဂဇင်းနှင့် ၁၉၆၂တွင် ကရင့်ရှေ့ဆောင်ဂျာနယ် စသည်ဖြင့် အသီးသီး ထုတ်ဝေခဲ့ကြဖူးသည်။ ယင်းသို့ သတင်း ဂျာနယ်များ အားကောင်းသည်နှင့်အမျှ ကရင်တိုင်းရင်းသားလူမျိုးများလည်း လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် နိုင်ငံရေး စသည့်နယ်ပယ်စုံမှာ မျက်စိပွင့်၊နားပွင့်စွာ တွေးခေါ်မြော်မြင်မှုများ တိုးတက်မြင့်မားလာခဲ့သည်။

လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်)ကြောင့် လုပ်ငန်းတိုင်း ခက်ခဲကြပ်တည်းမှုများရှိရာ မီဒီယာလုပ်ငန်းများမှာ လည်း ရပ်တည်ရေးအတွက် ချိနဲ့လာခဲ့သည်မှာ အားလုံးအသိဖြစ်သည်။ ထိုအထဲတွင် တိုင်းရင်းသားမီဒီယာများထဲက ကေအိုင်စီ-ကရင်သတင်းဌာနသည်ပင်လျှင် ကရင်သတင်းစဉ်ဂျာနယ်ကို တစ်လတစ်ကြိမ် ပုံမှန်ထုတ်ဝေဖြန့်ချိမှုမှာ အရေအတွက် လျော့နည်းလာခဲ့သည်။ သို့သော် ဘက်စုံမီဒီယာထုတ်လုပ်မှုအားဖြင့် ပုံနှိပ်ထုတ်ဝေခြင်းအပြင် ဝက်ဘ် ဆိုက်စာမျက်နှာ၊ လူမှုကွန်ရက်စာမျက်နှာ စသည့် ဒီဂျစ်တယ်သတင်းထုတ်လုပ်မှုများကို ပိုမို အားပြုလာခဲ့သဖြင့် အွန်လိုင်းပရိဿတ်မှာ Facebook စာမျက်နှာ၌ follow နှစ်သိန်းရှစ်သောင်းကျော်နှင့် အပတ်စဉ် လူ ၅သန်းကျော်ဆီသို့ သာသတင်းများ ရောက်ရှိတင်ဆက်နိုင်သေးသဖြင့် ပြည်မမီဒီယာများနှင့်နှိုင်းယှဉ်လျှင် အလွန်အားနည်းသေးသည်။

ယနေ့ခေတ်ကဲ့သို့ အင်တာနက်လူမှုကွန်ရက်ကို လွယ်လင့်တကူ အသုံးပြုနိုင်သည့်ခေတ်တွင် သတင်းမီဒီယာအမည် တပ်ကာ အွန်လိုင်းသတင်းစာမျက်နှာများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ကြသော်လည်း မိမိတို့ ရေးသားဖော်ပြ သမျှ အချက်အလက်၊ အကြောင်းအရာများနှင့် ပတ်သက်၍ အဆိုးအကောင်းကို တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်ရှိရန် လိုသည်။ ထို့အပြင် အများပြည်သူအတွက် သတင်းမှားများ အယုံမလွယ်စေရန် တိကျခိုင်မာပြီး ဘက်လိုက်မှုကင်းသော သတင်းများဖြစ်ရန်နှင့် မိမိသတင်းကြောင့် အမုန်းပွားမှုများ၊ ပဋိပက္ခများကို လှုံ့ဆော်သည့်အသွင် မရောက်ရှိစေချင်ပေ။ မီဒီယာအဆောက်အအုံတစ်ခု တည်ထောင်တော့မည်ဆိုလျှင် ခိုင်မာသည့် သတင်းခန်းဖွဲ့စည်းမှု၊ အယ်ဒီတာမူဝါဒ၊ သတင်းထောက်များလိုက်နာသင့်သည့် ကျင့်ဝတ်စည်းကမ်းနှင့်အညီ ရေးဆွဲချမှတ်ကာ ပရော်ဖက်ရှင်နယ်ဆန်ဆန် လုပ်ကိုင်ရမည်ဖြစ်သည်။

လက်ရှိ ဒီမိုကရေစီအသွင်ကူးပြောင်းချိန်ကာလ ကရင်လူမှုနယ်ပယ်၊ ကရင်ဒေသန္တရနယ်ပယ်များတွင် သတင်းမီဒီယာ များ စည်းစနစ်တကျ အားကောင်းခိုင်မာရန်လိုသည်မှာ ပြောဖွယ်မရှိ။ ထို့အတွက် မျိုးဆက်သစ် အနာဂတ် ကရင်လူ ငယ်လေးများအား မီဒီယာလုပ်ငန်းအပေါ် စိတ်ဝင်တစား လုပ်ကိုင်လိုပါက အပြည့်အဝအားပေးသလို တစ်ဖက်တွင် လည်း အပျော်တမ်းမဟုတ်ဘဲ ခံယူချက်အပြည့်ဖြင့် မီဒီယာပညာကို အပတ်တကုတ် လေ့လာလျက် ကျင့်ဝတ်နှင့်အညီ အများပြည်သူအကျိုး သယ်ပိုးမည့် သိက္ခာရှိသော ကရင်မီဒီယာများ၊ သတင်းသမားကောင်းများ နေရာမလပ် ပေါ်ထွန်း လာရန်မှာ လွန်စွာ အရေးကြီးကြောင်း အားပေးတိုက်တွန်းလိုပါသည်။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...