မွန်ပြည်နယ်တွင် ရွေးကောက်ပွဲအလွန် ၁၅ ရက်အတွင်း ရွေးကောက်ပွဲဥပဒေဖြင့် ဖွင့်ထားသောအမှု ၃၀ နီးပါးရှိ

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲအလွန် ၁၅ ရက်အတွင်း ရွေးကောက်ပွဲဥပဒေဖြင့် ဖွင့်ထားသောအမှု ၃၀ နီးပါးရှိ
by -
စိုင်းထွန်းစံ (MNA)

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲအလွန် ၁၅ ရက်အတွင်း ရွေးကောက်ပွဲဥပဒေဖြင့် ဖွင့်ထားသောအမှု ၂၉ မှုရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

ထိုအမှု ၃၀ နီးပါးတွင် NLD ပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်သုံးဦးကို ပြိုင်ဘက်ပါတီများကဖွင့်ထားသည့် အမှုများလည်းပါဝင်သည်ဟုဆိုသည်။

 

“ဒီအမှုတွေထဲမှာ ဝန်းရံသူတွေနဲ့ပတ်သက်ပြီးပါတယ်။ မဲမှားပြီးပေးတာပါတယ်။ မဲလိမ်ပြီးပေးတာပါတယ်။ နောက်ပြီးတော့ အဲဒီကာလအတွင်းမှာ ရိုက်ကြ ထိုးကြ မဲကိစ္စနဲ့ပတ်သက်တာတွေ၊ စည်းရုံးရေးကိစ္စနဲ့ပတ်သက်တာတွေပါတယ်။ အဲ့လောက်ပဲပြောလို့ရတယ်” ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး (ဦးစီး) ထွန်းထွန်းကပြောသည်။

အဆိုပါ အမှုများသည် ရွေးကောက်ပွဲကျင်းပသည့်နေ့ နိုဝင်ဘာ ၈ ရက်မှ ၂၂ ရက်အထိ မွန်ပြည်နယ် မြို့နယ်၁၀ မြို့နယ်ရှိ သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီးယင်းအမှုကို စစ်ဆေးဆောင်ရွက်ပေးနေ ကြောင်း ၎င်းက ဆက်ဆက်ပြောသည်။

ထို့ပြင် မော်လမြိုင်မြို့၊ ပေါင်မြို့နယ်၊ ကျိုက်မရောမြို့နယ်များတွင် NLD ပါတီမှ အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးတို့ကို ကိုယ်စားလှယ်လောင်းလုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင်သည်ဟုဆိုကာ ပြိုင်ဘက်ပါတီများ၏ မဲရုံကိုယ်စားလှယ်များက အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ ထိုအမှုများမှလွဲ၍ ဆိုးရွားသည့်အမှုမျိုး မရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

“ဆိုးဆိုးရွာရွားမျိုးတွေတော့ မရှိဘူး။ ဒါပေမဲ့ ကန့်ကွက်တာကတော့ သက်ဆိုင်ရာ ကန့်ကွက်ပိုင်ခွင့်ရှိသူတွေ ကန့်ကွက်လွှာတင်နိုင်တယ်။ ပြန်သုံးသပ်ကြည့်ရင် အမှုအားလုံးသည် ပြစ်ဒဏ်အကြီးကြီးပေးရမယ်ဆိုပြီး လုပ်လို့မရဘူး။ မသိလို့ လုပ်မိတာများတယ်။ မသိလို့လုပ်ကြတာ” ဟု ၎င်းက ပြောသည်။

 

မွန်ပြည်နယ်တွင် လွှတ်တော်သုံးရပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၁၄ နေရာ၊ တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ် သုံးနေရာနှင့် မွန်ညီညွတ်ရေးပါတီက ခြောက်နေရာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...