နိုင်ငံရေးတွင် ရေရှည်ရပ်တည်နိုင်ရေး ယခုငါးနှစ်အတွင်းတည်ဆောက်ရန်ု AFP ပါတီပြော

နိုင်ငံရေးတွင် ရေရှည်ရပ်တည်နိုင်ရေး ယခုငါးနှစ်အတွင်းတည်ဆောက်ရန်ု AFP ပါတီပြော
by -
ထွန်းခိုင် (နိရဥ္စရာ)

ရွေးကောက်ပွဲတွင် နေရာသုံးနေရာသာအနိုင်ရရှိခဲ့သည့် ရခိုင့်ဦးဆောင်ပါတီအနေဖြင့် နိုင်ငံရေးတွင် ရေရှည်ရပ်တည်နိုင်ရေး ယခုငါးနှစ်အတွင်း တည်ဆောက်မည်ဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက ပြောသည်။

အဆိုပါ ပါတီအနေဖြင့် ယခုရွေးကောက်ပွဲတွင် ကိုယ်စားလှယ်သုံးဦးအနိုင်ရရှိထားပြီး ထိုသို့ ပါတီအား တည်ဆောက်နေသည့်ကာလတွင် ရခိုင့်နိုင်ငံရေးကောင်းမွန် လာရေးအတွက် ပြည်သူနှင့်အတူ ဆက်လက်ချီတက် သွားမည်ဟု ဆိုသည်။

“ပါတီကို ကျွန်တော်တို့ ဒီငါးနှစ်မှာ ဆက်လက်တည်ဆောက်မယ်။ ဆက်လက်တည်ဆောက်မယ်ဆိုတာက ဒီငါးနှစ်တာ အတွက်မဟုတ်ဘူး။ ပါတီအနေနဲ့ ဆောင်ပုဒ်ရှိပါတယ်။ ကြွေးကြော်သံပေါ့လေ။ ရဲရင့်အသံချီ၊ မုန်းတိုင်ပင်ဖြတ်သန်း၊ အောင်ပွဲလှမ်းချီ၊ ရခိုင့်ဦးဆောင်ပါတီ။ အဲဒီကြွေးကြော်သံက ကျွန်တော်တို့သွားမယ့် လမ်းခရီး ရဲ့ အနှစ်ချုပ်ပါပဲ။ လက်တွေ့ဆန်ဆန်ကတော့ အတိုဆုံးပြောရမယ်ဆိုရင် အနီးအနာဂတ်ဟာ မုန်တိုင်းပြင်းထန်မယ့်ကာလဖြစ်တဲ့ဆိုတာကို ကျနော်တို့ ပထမဆုံးသုံးသပ်ဆုံးဖြတ်တယ်။ ပြီးရင် စစ်ကာလပဋိပက္ခအတွင်းမှာ ရဲရဲရင့်ရင့်နဲ့ ပြည်သူလူထု ခံစားရတာတွေကို ဖော်ထုတ်တင်ပြဖို့လိုအပ်တယ်။ အဲဒါက ကျနော်တို့ပထမတာဝန်။ ပြီးရင် ဒုတိယတစ်ချက်က ဒီကလမှာ ပြည်သူနှင့်အတူရပ်တည်ပြီးတော့ ပါတီကို တည်ဆောက်မယ်။ မုန်တိုင်းကာလကို ဖြတ်သန်းမယ်။ ဒါပေမယ့် ဒီနှစ်ခုက ကျွန်တော်တို့ အနီးကာလအတွက် ဆုံးဖြတ်ထားတဲ့ ပန်းတိုင်ဖြစ်တယ်” ဟု ဦးကျော်ဇောဦးက ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးလုပ်ဆောင်ရန်သည် ၎င်းတို့၏ ရည်မှန်ချက်ပန်းတိုင်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) အနေဖြင့် ကျော်ဇောဦးက ဆက်လက်ပြောသည်။

“ကျွန်တော်တို့ ရခိုင်ပြည်တစ်ခုလုံးအတွက် ဒေါက်တာအေးမောင်အပါအဝင် ကျွန်တော်တို့ပါတီ ထိပ်ပိုင်းခေါင်း ဆောင်များက မျှော်မှန်းထားတဲ့ လမ်းကြောင်းတစ်ခုရှိတယ်။ အဲဒီလမ်းကြောင်းတစ်ခုအတွက် အခုမှခြေလေး သေးသေးလေးတစ်ခုကို စရုံပဲရှိသေးတယ်။ ရေရှည်ခရီးကအများကြီးရှိသေးတယ်။  ဒီလို့ ရေတိုနိုင်ငံရေးလုပ် ရပ်တွေကို လုပ်ရင်းနဲ့ တပြိုင်တည်းမှာ ရေရှည် ရည်မှန်းချက်လေးရှိတယ်။ အဝေးပန်းတိုင်တွေကိုလည်း ကျွန်တော်တို့ တစ်ချိန်တည်းမှာ လျှောက်လှမ်းနေဆဲဖြစ်တယ်။ ကျွန်တော်တို့ လျှောက်လှမ်းနေဆဲဖြစ် တယ်။ ရခိုင်ပြည်သူလူတို့ မိမိတို့ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိအောင် ဦးဆောင်မယ့်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီပါတီကိုဖွဲ့ စည်းထားတာဖြစ်တယ်” ဟု ပြောသည်။

AFP ပါတီအနေဖြင့် ရခိုင်ပြည်နယ်ကျော်ဖြူမြို့၏ ပြည်နယ်လွှတ်တော်တွင်နှစ်နေရာ၊ ပြည်သူ့လွှတ်တော် တစ် နေရာသာ အနိုင်ရရှိခဲ့ပြီး ယင်းသို့ မဲဆန္ဒနယ်အနည်းအကျဉ်းသာနိုင်ခဲ့ခြင်းသည် မိမိပါတီအပေါ်လူသိနည်းခြင်းနှင့် ကိုဗစ် ကာလဖြစ်သဖြင့် မဲဆွယ်စည်းရုံးရေးများကို မလုပ်နိုင်ခဲ့ခြင်းတို့ကြောင့်ဖြစ် သည်ဟုဆိုသည်။

“အခုမှထောင်တဲ့ ကျွန်တော်တို့က ဒီပါတီအတွက် ဘာမှမလုပ်ရသေးတဲ့အချိန်မှာ ကိုဗစ်ဖြစ်တယ်။ ကိုဗစ်ရဲ့ ကန့်သတ်ချက်တွေက များလွန်းအားကြီးတယ်။ အဲဒီကန့်သတ်ချက်တွေ တစ်ခုကိုမှ ဖောက်ဖျက်ပြီးတော့ ဘာမှ မလုပ်ခဲ့သလောက်ပါဘဲ။ ကျွန်တော်တို့ကို ပေးလိုက်တဲ့မဲတွေဟာ မေတ္တာကြောင့်ရတဲ့ မဲတွေလို့ဆိုနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...