နောက်လာမည့်ရွေးကောက်ပွဲတွင် မဲတိုးတက်ရရှိရေးကြိုးပမ်းမည်ဟု ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ၏ လူငယ်စည်းရုံးရေးမှူးပြော

နောက်လာမည့်ရွေးကောက်ပွဲတွင် မဲတိုးတက်ရရှိရေးကြိုးပမ်းမည်ဟု ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ၏ လူငယ်စည်းရုံးရေးမှူးပြော

ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရသော်လည်း လိုအပ်ချက်များကို ပြင်ဆင်ကာ နောက်ရွေးကောက်ပွဲများတွင် မဲတိုးတက်ရရှိရေး ကြိုပမ်းမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာမဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီမှ လူငယ်စည်းရုံးရေးမှူး ကိုစိုင်းလှိုင်ငြိမ်းကပြောသည်။

ထို့ပြင် ဗမာမှတ်ပုံတင်ကိုင်ဆောင်ထားသော ရှမ်းနီတိုင်းရင်သားများကို ရှမ်းမှတ်ပုံတင် ပြန်လည်ကိုင်ဆောင်ခွင့်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“အခုရွေးကောက်ပွဲပြီးတော့ ခဏနည်းနည်းနားတဲ့သဘောပါပဲ။ ခဏနားပြီးတာနဲ့ ကိုယ်လဲအနားယူပြီးတာနဲ့ ဆက်ပြီးတော့ အလုပ်လုပ်နိုင်ဖို့ plan တွေ တစ်ခုပြီးတစ်ခုချထားတာတယ်။ ဆွဲထားတယ်။ ဘာဖြစ်လို့ဆွဲထားလဲဆိုရင် ရွေးကောက်ပွဲကာလမှာ ကိုယ်စည်းရုံးရေးအနေနဲ့ပတ်ခဲ့တဲ့ဒေသတွေ မှာ လိုအပ်ချက်ပေါင်းများစွာကို တစ်ခုပြီးတစ်ခု ကျွန်တော်တို့လုပ်ပေးနိုင်ဖို့ရာအတွက်ကိုပေါ့နော်။ ဆိုရင် အခုတောင်မှ တမူးနယ်ဘက်ဆိုရင် ရှမ်းစစ်စစ်ဖြစ်ပြီး မှတ်ပုံတင်မှာ ဗမာဖြစ်ထားတဲ့ကိစ္စတွေ အဲတမူးနယ်ကို အရင်ဆုံးမှတ်ပုံတင်မှာ ရှမ်းဆိုပြီးတော့ ပြန်ပြောင်းလဲနိုင်ဖို့ ကြိုးစားမယ်။ ဒါပထမဆုံးပေါ့။ ရှမ်းဆိုတဲ့ဟာကို ပြန်လို့တပ်ခွင့်ရတယ်ဆိုရင်‌ ဘာပဲပြောပြော ကိုယ်ရှမ်းလူဦးရေ ဘယ်လောက်ရှိတယ်ဆိုတဲ့ အနေအထားမျိုး တွေကိုပြန်ရောက်ရှိအောင်ရယ်။ နောက်ပိုင်ရွေးကောက်ပွဲတွေမှာ ကိုယ့်ရှမ်းမဲတိုးလာဖို့အတွက်ကိုဆောင် ရွက်ပေးရမှာပဲလေ" ဟု ၄င်းကပြောသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင် ရှမ်းတိုင်းရင်းသားလူမျိုး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၈၆၈၅၅ ဦးရှိခဲ့သော်လည်း ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၆၃၂၂၉ ဦးရှိသောကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နှစ်သောင်းကျော်ခန့်လျော့နည်းခဲ့ကြောင်းနှင့် ယခုနှစ်ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးခဲ့သူ ၁၂၆၃၆၀ ခဲ့ပြီး ခိုင်လုံမဲ ၁၂၁၂၈၃ မဲရရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၏ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးကျော်ဌေးလွင်က ဆန္ဒမဲပေါင်း ၄၇၆၉၆ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီမှ ဦးစိုင်းလှိုင်ငြိမ်းမှ ဆန္ဒမဲပေါင်း ၃၃၆၉၂ ဖြင့် ဒုတိယမဲအများဆုံးဖြင့် ရှုံနိမ့်ခဲ့ခြင်းဖြစ်ကာ လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေရာ၀န်ကြီးဖြစ်သည့် တိုင်းလိုင်ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဒေါ်နန်းမွှေးမွှေးခင်က ဆန္ဒမဲ ၁၈၆၉၁ သာရရှိခဲ့ကြောင်းသိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...