ကရင်ပြည်နယ်၏ ရွေးကောက်ပွဲရလဒ်အပေါ် ဆန်းစစ်ခြင်း

ကရင်ပြည်နယ်၏ ရွေးကောက်ပွဲရလဒ်အပေါ် ဆန်းစစ်ခြင်း
by -
စောထွန်းလင်း (KIC)

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးတွင် ကရင်ပြည်နယ်၌ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ခုနစ်နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၄ နေရာနှင့် တိုင်းရင်းသားလူမျိုးရေးရာ မဲဆန္ဒနယ် သုံးနေရာ စုစုပေါင်း ၃၆ နေရာရှိပြီး ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၉၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ရွေးကောက်ပွဲအပြီး ရလဒ်များကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ရာ ပြည်သူ့လွှတ်တော် ခုနစ်နေရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ခြောက်နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၁ နေရာကိုလည်းကောင်း၊ ပြည်နယ် လွှတ်တော် ၁၄ နေရာတွင် NLD က ၁၁ နေရာနှင့် တိုင်းရင်းသားရေးရာ သုံးနေရာတွင် နှစ်နေရာ စုစုပေါင်း နေရာ ၃၀ တွင် အနိုင်ရခဲ့သည်။ အနိုင်ရမှုရာခိုင်နှုန်းမှာ ၈၃ ရာခိုင်နှုန်းကျော်ဖြစ်သည်။

ကျန် ခြောက်နေရာတွင် ဖာပွန်မြို့နယ် မဲဆန္ဒနယ် လေးနေရာစလုံးကို ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့ပြီး ကရင်ပြည်သူ့ပါတီက သံတောင်ကြီး ပြည်နယ်လွှတ်တော် အမှတ် ၁ နှင့် မွန်အမျိုးသားပါတီက မွန်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတို့သာ အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၌ အကြိတ်အနယ်ဖြစ်ပေါ်ခဲ့သည့် မဲဆန္ဒနယ်များ၊ ကိုယ်စားလှယ်လောင်းအများဆုံးမဲဆန္ဒနယ်နှင့် မဲအများဆုံးရသည့် ကိုယ်စားလှယ်လောင်းများ စသည့်အခြေအနေများကို ဆန်းစစ်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။

အကြိတ်အနယ်ရှိဆုံး မဲဆန္ဒနယ်များ

ကရင်ပြည်နယ်အတွင်း အကြိတ်အနယ်ရှိဆုံး မဲဆန္ဒနယ်မှာ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ အမျိုးသားလွှတ်တော် အမှတ် ၉ မဲဆန္ဒနယ် ဖြစ်သည်ကိုတွေ့ရသည်။ အဆိုပါ မဲဆန္ဒနယ်တွင် NLDမှ နန်းမိုးမိုးထွေး၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီမှ စောမြင့်ဟန်၊ USDP မှ ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဦးမြတ်ကျော်တို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ နေရာတွင် မဲပေးခွင့်ရှိသူ ၁၂၃,၈၆၁ ဦးရှိသည့်အနက် မဲလာပေးသူ ၅၈,၇၄၆ ဦးရှိသည့်အတွက် မဲပေးမှုရာခိုင်နှုန်းမှာ ၄၇.၄၃ ရာခိုင်နှုန်းရှိသည်ကို တွေ့ရသည်။

မဲပေးသူများထဲတွင်  ခိုင်လုံမဲ ၅၄,၀၄၁ မဲရှိသည့်အတွက် ပယ်မဲ ၄,၇၀၅ မဲရှိသည်ဟု မှတ်ယူနိုင်သည်။

မဲရလဒ်များအရ NLD မှ နန်းမိုးမိုးထွေးက ၂၀,၁၄၆ မဲ၊ KNDP မှ စောမြင့်ဟန်က ၂၀,၁၄၁ မဲ၊ USDPမှ ဦးထွန်းထွန်းဦး က ၁၃,၀၉၁ မဲနှင့် UBP မှ ဦးမြတ်ကျော်က ၆၆၃ မဲ အသီးသီးရရှိကာ NLD  က ငါးမဲအသာဖြင့် အနိုင်ရသွားသည်။

မဲရလဒ် ကွာခြားမှုအနည်းဆုံးဖြစ်ကာ NLD နှင့် KNDP တို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသည်ကို တွေ့ရသည်။

ဒုတိယ အကြိတ်အနယ်အရှိဆုံးမဲဆန္ဒနယ်မှာ ဖာပွန်၊ ပြည်နယ်လွှတ်တော် အမှတ် ၂ ဖြစ်ပြီး ကိုယ်စားလှယ် ခြောက်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ USDP မှ စောမျိုးမြင့်က ၄၀၃၀ မဲ၊ ဒုတိယ နေရာတွင် NLD မှ စောညီညီ မောင်က ၃၇၃၇ မဲရရှိပြီး မဲကွာခြားမှုမှာ ၂၉၃ မဲသာရှိသည်ကိုတွေ့ရသည်။

ထို့ပြင် အကြိတ်အနယ်ရှိဆုံးမဲဆန္ဒနယ်မှာ ဖာပွန် အမျိုးသားလွှတ်တော်အမှတ် ၅ ဖြစ်ပြီး USDP နှင့် NLD တို့ အဓိကယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါနေရာတွင် မဲပေးခွင့်ရှိသူ ၂၂၈၃၀ ဦးရှိသည့်အနက် မဲလာပေးသူ ၁၆၀၃၈ ဦးရှိကာ ခိုင်လုံမဲ ၁၅၄၇၆ ရှိသည့်အတွက် ပယ်မဲ ၅၆၂ မဲဖြစ်သည်။

မဲရလဒ်များမှာ USDP မှ ဦးစိုင်းသန်းနိုင်က ၇၇၄၁ မဲ၊ NLD မှ ဦးစည်သူဟန်းက ၆၀၃၂ မဲ၊ KNDP မှ စောကျော်စိုးလင်းက ၁၂၇၈ မဲ၊ UBP မှ ဦးစိုးင်းသိန်းကြွယ်က ၃၆၅ မဲရရှိခဲ့ရာ USDP က ၁၂၅၁ မဲ အသာဖြင့် အနိုင်ရသွားသည်။

လှိုင်ဘွဲ့မြို့နယ် အမျိုးသားလွှတ်တော်-အမှတ် ၉ နှင့် နယ်မြေတူသည့် လှိုင်းဘွဲ့ ပြည်နယ်လွှတ်တော် အမှတ် ၂ မဲဆန္ဒနယ်တွင်လည်း NLD မှ လက်ရှိ ပြည်နယ်လွှတ်တော်ဥက္ကဌ စောချစ်ခင်နှင့် KNDP ဥက္ကဌ မန်းအောင်ပြည်စိုး တို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး NLD က ၂၀,၄၉၉ မဲ၊ KNDP က ၁၉,၁၂၉ မဲ၊ USDP မှ စောစိုးဝင်းက ၁၃,၀၇၆ မဲ၊ တသီးပုဂ္ဂလကိုယ်စားလှယ် စောကျော်လွင်ဦးက ၁,၇၉၇ မဲနှင့် UBP မှ ဦးအောင်တိုးဝင်းက ၆၉၈ မဲရရှိကာ မဲကွာခြားချက် ၁,၃၇၀ မဲအသာဖြင့် NLD က အနိုင်ရသွားသည်။

ထို့အပြင် သံတောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၁ တွင်လည်း ကရင်ပြည်သူ့ပါတီ KPP နှင့် NLD တို့ အကြိတ်အနှယ်ရှိခဲ့ပြီး KPP မှ စောခရစ္စတိုဖာက NLDမှ စောယောဟန်ကညောစေးကို ၁,၃၈၄ မဲ အသာဖြင့် အနိုင် ရခဲ့သလို၊ သံတောင်ကြီး ပြည်နယ်အမှတ် ၂ တွင်မူ NLDမှ စောမောင်ထူးက KPP မှ စောဂျေအေဝင်းမြင့်ကို ၁,၄၈၁ မဲ အသာဖြင့် အနိုင်ရသွားခဲ့သည်။

မဲပေးမှုရာခိုင်နှုန်း အများဆုံးနှင့်အနည်းဆုံး မဲဆန္ဒနယ်

ပြည်နယ်အတွင်း မဲဆန္ဒနယ် ၃၆ နေရာရှိသည့်အနက် ဖာပွန်နှင့် သံတောင်ကြီးမြို့နယ်တို့တွင်သာ မဲပေးမှု ရာခိုင်နှုန်းများသည်ကိုတွေ့ရပြီး ကျန်မြို့နယ်များတွင် မဲပေးမှုရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိသည်။

ပြည်နယ်အတွင်း မဲပေးမှုရာခိုင်နှုန်း အများဆုံး မဲဆန္ဒနယ်မှာ ဖာပွန်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ဖြစ်ပြီး အဆို နေရာတွင် မဲပေးခွင့်ရှိသူ ၇၇၉၀ ဦး ရှိသည့်အနက် မဲလာပေးသူ ၆၃၅၃ ဦး ရှိသည့်အတွက် မဲပေးမှု ရာခိုင်နှုန်း မှာ ၈၁.၅၅ ရာခိုင်နှုန်းရှိကာ ပြည်နယ် တစ်ခုလုံးတွင် မဲပေးမှုအများဆုံး မဲဆန္ဒနယ်  ဖြစ်သည်။ အဆိုပါ မဲဆန္ဒနယ် တွင် USDP မှ ဦးစိုင်းသန်းနိုင်က အနိုင်ရသွားသည်။

ပြည်နယ်အတွင်း မဲပေးမှုရာခိုင်နှုန်း အနည်းဆုံး မဲဆန္ဒနယ်မှာ မြဝတီမြို့နယ် အမျိုးသားလွှတ်တော် အမှတ် ၁၁ မဲဆန္ဒနယ် ဖြစ်ပြီး အဆိုပါနေရာတွင် မဲပေးခွင့်ရှိသူ ၁၀၃၄၅၅ ဦးရှိပြီး မဲလာပေးသူ ၄၈၈၈၀ ဦးရှိသည့်အတွက် မဲပေးမှုရာခိုင်နှုန်းမှာ ၄၇.၂၅ ရာခိုင်နှုန်း သာရှိပြီး ကရင်ပြည်နယ် တစ်ခုလုံးတွင် မဲပေးမှု အနည်းဆုံး မဲဆန္ဒနယ် ဖြစ်သည်ကိုတွေ့ရသည်။ အဆိုပါ မဲဆန္ဒနယ်တွင် NLD မှ လက်ရှိ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက အနိုင်ရသွားသည်။ 

ကိုယ်စားလှယ်အများဆုံးဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်များ

ပြည်နယ်အတွင်း မဲဆန္ဒနယ် ၃၆ နေရာတွင် ကိုယ်စားလှယ် အများဆုံးဝင်ပြိုင်သည့် မဲဆန္ဒနယ် များမှာ ဖားအံမြို့နယ်၏ မဲဆန္ဒနယ်မြေများ ဖြစ်ပြီး ဖားအံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် အမျိုးသားလွှတ် တော် အမှတ် ၆ တွင်  ခုနစ်ဦးစီ၊ ဖားအံမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၁ နှင့် အမှတ် ၂ တို့တွင် ကိုးဦးစီနှင့် ဗမာတိုင်းရင်းသားရေးရာ၌ ကိုးဦး အသီးသီးဝင်ပြိုင်ခဲ့ကြသည်ကိုတွေ့ရသည်။

ထူးခြားသည်မှာ ထိုသို့ ကိုယ်စားလှယ် အများအပြားဝင်ပြိုင်ကြသည့် မဲဆန္ဒနယ် အားလုံးတွင် NLD ကိုယ်စားလှယ် များအားလုံး မဲ ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းကျော်ဖြင့် အပျက်အသတ် အနိုင်ရသွားသည် ကိုတွေ့ ရသည်။ ကိုယ်စားလှယ်များသော်လည်း မဲ မကွဲ ဟု ဆိုနိုင်သည်။

မဲကွဲ၍ ပြိုင်ဘက်အသားရခဲ့သည့် မဲဆန္ဒနယ်များ

ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားပါတီအချင်းချင်း မဲကွဲသွားသည့်အတွက် အခြားပါတီက အနိုင်ရသွားသည့် မဲဆန္ဒနယ်သုံးနေရာခန့်ရှိသည်ကို ယခုရွေးကောက်ပွဲတွင် တွေ့ရသည်။

သံတောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် ကရင်ပြည်သူ့ပါတီနှင့် ကယန်းအမျိုးသားပါတီတို့ မဲကွဲသွားပြီး NLD က အနိုင်ရရှိသွားသည်။

အဆိုပါ မဲဆန္ဒနယ်၏ မဲရလဒ်များမှာ NLD မှ စောမောင်ထူးက ၈၇၇၇ မဲ၊ KPP မှ စောဂျေအေဝင်းမြင့်က ၇၂၉၆ မဲနှင့် ကယန်းအမျိုးသားပါတီမှ နန်းဝေဝေထွန်းက ၃၅၆၆ မဲ၊ USDP မှ စောကျော်ရွှေက ၁၆၀၉ မဲနှင့် UBP စောဂေထူးက ၅၂၄ မဲ အသီးသီးရရှိခဲ့ပြီး ကရင်နှင့် ကယန်း မဲပေါင်းမှာ အနိုင်ရကိုယ်စားလှယ်ထက် မဲပိုများသည်ကိုတွေ့ရသည်။

အလားတူ ကြာအင်းဆိပ်ကြီး အမျိုးသားလွှတ်တော် အမှတ် ၄ တွင်လည်း ကရင်နှင့် မွန်ပါတီတို့ မဲကွဲမှုဖြစ်ခဲ့သည်ကိုတွေ့ရသည်။

အဆိုပါ မဲဆန္ဒနယ်၏ မဲရလဒ်များမှာ NLD မှ စောယှားဖောင်အွာက ၁၇၆၃၆ မဲ၊ မွန်ညီညွတ်ရေးပါတီမှ ဒေါ်ဝေသီဖြိုးက ၉၇၁၉ မဲ၊ KNDP မှ စောမြင့်ထွေးက ၉၀၂၁ မဲ၊ USDP မှ စောမြဝင်းက ၇၂၃၂ မဲနှင့် UBP မှ ဒေါ်အေးသွယ်က ၃၃၄ မဲတို့ အသီးသီးရရှိခဲ့သည်။

ထို့ကြောင့် မွန်နှင့် ကရင်ပါတီနှစ်ခုပေါင်းမဲမှာ အနိုင်ရကိုယ်စားလှယ်ထက်ပိုများသည်ကို တွေ့ရသည်။

ထို့အပြင် ကြာအင်းဆိပ်ကြီး ပြည်နယ်လွှတ်တော် အမှတ် ၂ တွင်လည်း မွန်နှင့်ကရင်တို့ မဲကွဲခဲ့သည်ကို တွေ့ရသည်။ အဆိုပါ မဲဆန္ဒနယ်၏ မဲရလဒ်များမှာ NLD မှ ဦးတင်မျိုးဦးက ၁၆၉၆၇ မဲ၊ KNDP မှစကျော်စွာက ၁၀၃၆၃ မဲ၊ မွန်ညီညွတ်ရေးပါတီမှ ဦးချမ်းမွန်က ၁၀၂၀၇ မဲ၊ USDP မှ ဦးခိုင်ဝင်းက ၆၂၃၆ မဲ၊ UBP မှ ဦးအောင်ဇော်ထွန်းက ၂၄၉ မဲ တို့ အသီးသီးရရှိခဲ့သည်။

ထို့ကြောင့် တိုင်းရင်းသားပါတီနှစ်ခု၏မဲမှာ အနိုင်ရကိုယ်စားလှယ်ထက် ပိုများသည်ကို တွေ့ရသည်။ 

အလားတူ ကော့ကရိတ်မြို့နယ် အမျိုးသားလွှတ်တော်အမှတ် ၂ တွင် မွန်နှင့် ကရင်ပါတီ နှစ်ခုပေါင်းမှာ အနိုင်ရ  NLD ထက် မဲ ပိုများသလို ကော့ကရိတ် ပြည်နယ်လွှတ်တော် အမှတ် ၂ တွင်လည်း မွန်ပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် (KNDP ကိုယ်စားလှယ်လောင်းအဖြစ်လျှောက်ထားရာတွင် ကန့်ကွက်ခံရ၍ တသီးပုဂ္ဂလဝင်ပြိုင်သူ) တို့၏မဲမှာ အနိုင်ရကိုယ်စားလှယ်ထက် ပိုများသည်ကို တွေ့ရသည်။

အထက်ပါအချက်အလက်အရ ကရင်ပြည်နယ်၏မဲဆန္ဒနယ်မြေများတွင် ပြည်သူလူထု၏မဲပေးမှုသည် ပျမ်းမျှ ၅၀ ရာခိုင်နှုန်း နှင့်အထက်ရှိခဲ့သဖြင့် ရွေးကောက်ပွဲတွင် ပြည်သူများ၏ပါဝင်မှု မြင့်မားသည်ဟု ဆိုနိုင်သည်။

သို့သော်လည်း ရွေးကောက်ပွဲရလဒ်အရ ၎င်းပြည်နယ်တွင် တိုင်းရင်းသားပါတီများထက် NLD က လွှမ်းမိုးမှုပိုမိုကြီးမားနေသည်ကိုတွေ့ရပြီး တိုင်းရင်းသားပါတီများအနေဖြင့် နေရာအနည်းငယ်တွင် အနိုင်ရသင့်သည့် အခြေအနေရှိခဲ့သော်လည်း မဲကွဲခြင်းကြုံတွေ့ခဲ့ရကာပြိုင်ဘက်ကို အသာရစေခဲ့ကြောင်းလည်း တွေ့ရသည်။

ထိုကြောင့် ကရင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများအနေဖြင့် မဲကွဲသည့်ပြသနာကို လတ်တလောအဖြေရှာရန် လိုအပ်မည်ဖြစ်ပြီး လာမည့်ရွေးကောက်ပွဲများတွင် ပြည်နယ်အတွင်း အသာရနိုင်ရေးအတွက်ကိုမူ NLD ကဲ့သို့ နိုင်ငံရေးသြဇာထူထောင်နိုင်ရန် လိုအပ်နေကာ ထိုသို့ နိုင်ငံရေးသြဇာထူထောင်နိုင်မှသာ ပြည်သူများအပေါ်လွှမ်းမိုးနိုင်မည်ဖြစ်ကြောင်းနှင့် လာမည့်ရွေးကောက်ပွဲများတွင် အသာရရှိနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

July 3, 2021
“ဒီမှာဘဲနေပြီး ဒီမှာပဲသေမယ် ရွာပြန်မနေတော့ဘူး။ ကျမလုံး၀ ပြန်မနေချင်တော့ဘူး။ အရမ်းကြောက်တယ်။ သူ...
June 19, 2021
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ ရှမ်းပြည်နယ်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့...
January 26, 2021
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အရေးအကြီးဆုံးအချက်က တိုင်းရင်းသား...
January 21, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုတွေကို ဖေဖော်ဝါရီ ၁...