NLD အနေဖြင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် စိုးရဖွဲ့နိုင်သည့်အရေအတွက်ကို ကျော်လွန်အနိုင်ရရှိခြင်းကြောင့် ဒုတိယအကြိမ် အစိုးရဖွဲ့ခွင့်ကိုရရှိပြီး ငါးနှစ် ထပ်မံတာဝန်ထမ်းဆောင်မည်ဖြစ်သည်။ NLDပါတီအနေဖြင့် တိုင်းနှင့်ပြည်နယ်များတွင် ကိုယ်စားလှယ်လောင်း အများအပြားအနိုင်ရရှိရာ၌ ကချင်ပြည်နယ်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ အဆိုပါပြည်နယ်တွင် NLD အနေဖြင့် ပြိုင်ဘက်ကချင်ပါတီများနှင့် ပြည်ခိုင်ဖြိုပါတီများကိုကျော်ဖြတ်၍ နေရာအမြောက်အများ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရအနေဖြင့် လုပ်ဆောင်ပေးစေချင်သည့် အရာများနှင့်ပတ်သက်၍ ကချင်ပြည်သူများ၏ အသံများကို ဖော်ပြလိုက်ရပါသည်။
ဒေါ်ဂျာရုံ (ဂျန်မိုင်ကောင်းစစ်ရှောင်စခန်း)
“စစ်ရှောင်တွေ အချို့က ကိုယ့်နေရပ်ပြန်ကြတဲ့ သူတွေလည်း ရှိနေပါပြီ။ အခုကျွန်မတို့ ဒီမှာနေတော့ ရေ၊ မီး အဆင်မပြေတာလေးတွေတော့ ရှိပါတယ်။ မီးဆို ညမှရတယ်။ နေ့ဆို မရဘူးပေါ့။ ပြီးတော့ တောင်ပေါ်ဒေသတို့၊ ဝေးလံခေါင်ဖျားတဲ့ နေရာတွေအတွက် ပညာရေး၊ ကျန်းမာရေးစတာတွေကို တက်လာတဲ့ အစိုးရသစ်ကို တောင်းဆိုချင်ပါတယ်”
ဦးခေါင်ဟောင်း (ဂျန်မိုင်ကောင်း စစ်ရှောင်စခန်း)
“စစ်ရှောင်ပြည်သူအနေနဲ့ အဓိကကတော့ ငြိမ်းချမ်းရေးကိုပဲ အဓိက လုပ်ဆောင်စေချင်ပါတယ်။ တောင်းဆိုချင်တာတွေ အများကြီးတော့ ရှိပါတယ်။ ပညာရေး၊ လူမှုရေး၊ ဝမ်းစာရေး၊ ကျန်းမာရေး အဲ့ဒါတွေက ကိုယ့်နေရပ်ကို ပြန်တဲ့အခါ အများကြီး လိုအပ်ပါတယ်”
ဦးလမုန်ဂမ်ဖန် (မျက်မမြင်ကျောင်း ကျောင်းအုပ်)
“မသန်စွမ်းသူများကို မှတ်ပုံတင်ပေးတာတို့။ မှတ်ပုံတင်ဆိုတာ မသန်စွမ်းမှု မှတ်ပုံတင်ပေါ့။ ပြီးတော့ ထောက်ပ့ံကြေးဆိုတာ ရှိပါတယ်။ နိုင်ငံတော်တော်များများမှာ ပေးပါတယ်။ အသန်စွမ်းသူများကို မှတ်ပုံတင်ပြီးတော့ သူ့ရဲ့ မှတ်ပုံတင်ပြီးတော့ သူ့ရဲ့ မသန်စွမ်းမှု အဆင့်အလိုက် ထောက်ပ့ံကြေးတွေ ပေးတာရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီအစိုးရသစ် တက်လာမယ်ဆိုရင် ထောက်ပံ့မှုအဆင့်ထိ ခံယူနိုင်ဖို့အတွက် မသန်စွမ်းမှု မှတ်ပုံတင်ကို သီးသန့် ပြုလုပ်ပေးစေချင်ပါတယ်။ မသန်စွမ်းတွေရဲ့ အရေးကို ကျွန်တော်တို့ ကိုယ်တိုင်လည်းပဲ ထမ်းဆောင်မယ်။ မသန်စွမ်းသူများအတွက် အစိုးရကနေ ပူးပေါင်းပါဝင်ခွင့်ပေးလာတယ်။ နောင်မှာလည်း ဒီထက် ပိုပေးနိုင်ဖို့ မျှော်လင့်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ပဲ ဖြစ်ဖြစ်တကယ် တော်တဲ့ သူတွေကို နေရာပေးပြီး တိုင်းပြည်အတွက် ဆက်ပြီး လုပ်ဆောင်နိုင်ဖို့အတွက် တံခါးကျယ်ကျယ်ဖွင့်ပေးပါ၊ နေရာကျယ်ကျယ်လေးပေးပေးပါလို့ တောင်းဆိုချင်ပါတယ်”
မသီရိမေ(ဒေသခံ)
“ကိုယ့်တိုင်းပြည်၊ နိုင်ငံအတွက် ကောင်းမယ်။ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်တွေအတွက် ကောင်းတဲ့ ကိုယ်စားလှယ်လောင်းတွေ ဖြစ်စေချင်တယ်။ ဖြစ်လာဖို့လည်း မျှော်လင့်တယ်။ အရင်ကထက် ပိုပြီးကောင်းမွန်အောင် လုပ်ပေးဖို့၊ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်း ရှားတယ်ဆိုတော့ အလုပ်အကိုင်အခွင့်အလှမ်းကအစ နိုင်ငံ ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ပေးနိုင်စေချင်တယ်”
ဦးနော်ဘောက်(ဇီးအွန်စစ်ရှောင်စခန်း)
“အရင်က မရခဲ့တဲ့ ပညာရေးအခွင့်အလမ်းတွေ၊ ကျန်းမာရေး၊ ဆေးရုံစတာတွေကို ပိုမိုကောင်းမွန်အောင် လုပ်ပေးစေချင်တယ်။ ကျွန်တော်တို့ ရှေကဆက်သွားမယ့် အရာတွေအတွက် အဖြေကောင်းပေးနိုင်မယ်၊ ကူညီပေးနိုင်မယ်လို့လည်း မျှော်လင့်နေပါတယ်?