ကရင်ပြည်နယ် အမျိုးသားလွှတ်တော်အမှတ် ၉ တွင် NLD က KNDP ကို ငါးမဲအသာဖြင့်နိုင်၊ လှိုင်းဘွဲ့မြို့နယ်တစ်ခုလုံး၏ မဲရလဒ်ကို ပြန်လည်စစ်ဆေးပေးရန် KNDP တောင်းဆိုထား

ကရင်ပြည်နယ် အမျိုးသားလွှတ်တော်အမှတ် ၉ တွင် NLD က KNDP ကို ငါးမဲအသာဖြင့်နိုင်၊ လှိုင်းဘွဲ့မြို့နယ်တစ်ခုလုံး၏ မဲရလဒ်ကို ပြန်လည်စစ်ဆေးပေးရန် KNDP တောင်းဆိုထား
by -
စောထွန်းလင်း (KIC)

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၉ ၌ NLD ကိုယ်စားလှယ် နန်းမိုးမိုးထွေးက KNDP ကိုယ်စားလှယ် စောမြင့်ဟန်ကို ငါးမဲအသာဖြင့် အနိုင်ရသွားပြီး မြို့နယ်တစ်ခုလုံး၏ မဲရလဒ်အပေါ် ပြန်လည်စစ်ပေးရန် KNDP က တောင်းဆိုထားကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် လေးဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး NLD ကိုယ်စားလှယ် နန်းမိုးမိုးထွေးက ၂၀၁၄၆ မဲ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ကိုယ်စားလှယ် စောမြင့်ဟန်က ၂၀၁၄၁ မဲ၊ USDP ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ၁၃၀၉၁ မဲ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီမှ ကိုယ်စားလှယ် ဦးမြတ်ကျော်က ၆၆၃ မဲ အသီးသီးရရှိခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကထုတ်ပြန်သည့် မဲရလဒ်အား ကိုယ်စားလှယ်လောင်း အသီးသီးကပုံစံ ၁၉ လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း သိရသည်။

“လှိုင်းဘွဲ့မြို့နယ် မဲစာရင်းအကုန်လုံးကို ပြန်စစ်ပေးဖို့ ကော်မရှင်ကို တောင်းဆိုထားတယ်။ KNDP က ရှုံးသော်လည်းဘဲ ရိုးရိုးသားသား ရှုံးတာဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု KNDP ဥက္ကဌ မန်းအောင်ပြည်စိုးက ပြောသည်။

ထို့အပြင် လှိုင်းဘွဲ့မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ တွင်  NLD မှ စောချစ်ခင်က ၂၀၄၉၉ မဲ၊ KNDP မှ မန်းအောင်ပြည်စိုးက ၁၉၁၂၉ မဲ၊ USDP မှ စောစိုးဝင်းက ၁၃၀၇၆ မဲ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် စောကျော်လွင်ဦးက ၁၇၉၇ မဲ၊ UBP မှ ဦးအောင်ကိုဝင်းက ၆၉၈ မဲ အသီးသီးရရှိထားကြောင်း မြို့နယ်ရွေးကော်အဖွဲ့ခွဲ၏ မဲရလဒ် ပုံစံ ၁၉ တွင် ဖော်ပြထားသည်။  

“မဲရလဒ်တွေကတော့ ကျနော်တို့ ပုံစံ ၁၉ ထုတ်ပြန်ထားပါတယ်။ အဲ့အတိုင်းပါပဲ လာကြည့်လို့ရပါတယ်” ဟု လှိုင်းဘွဲ့မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးဇော်ညွန့်က ပြောသည်။

လှိုင်းဘွဲ့ မြို့နယ်တွင် ကျေးရွာများ၌ မဲလာပေးသူများအနေဖြင့် မဲပေးမှုပုံစံကို သေသေချာချာ မသိသည့်အတွက် ပယ်မဲများသည်ကို တွေ့ရ သည်ဟု ရွေးကောက်ပွဲ စောင့်ကြည့် သူတဦးက ပြောသည်။

“လှိုင်းဘွဲ့မှာ ပယ်မဲများတာတွေ့ရတယ်။ ဥပမာ - မဲသမူရွာ မဲရုံအမှတ် ၂ မှာ မဲ ပေးတာ ၅၀၀ ကျော်မှာ ပယ်မဲ ၁၀၀ လောက်ရှိတယ်” ၎င်းက ပြောသည်။

လှိုင်းဘွဲ့မြို့နယ် ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် အမှတ် ၁ နှင့် အမျိုးသားလွှတ်တော် အမှတ် ၈ တို့တွင် NLD ကိုယ်စားလှယ်လောင်းများက မဲရလဒ် ပြတ်ပြတ်သားသားဖြင့်နိုင်ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မဲရလဒ် ပုံစံ ၁၉ အရ သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...