တောင်ဇလပ်မြေမှာ အောက်ချင်းငှက် ဘာကြောင့် အရေးထပ်နိမ့်ရတာလဲ

တောင်ဇလပ်မြေမှာ အောက်ချင်းငှက် ဘာကြောင့် အရေးထပ်နိမ့်ရတာလဲ

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲဟာ ၂၀၁၅ ခုနှစ်တုန်းကလို အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီက ချင်းပြည်နယ်မှာ သောင်ပြိုကမ်းပြို အနိုင်ရရှိနိုင်ဖွယ်မရှိတော့ဘဲ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ခြူပျ (CNLD) ပါတီနဲ့ သူနိုင်ကိုယ်နိုင် အကြိတ်အနယ်ယှဉ်ပြိုင် ရလိမ့်မယ်လို့  ကြိုတင်ခန့်မှန်းခဲ့ကြပေမယ့် မှန်းချက်နဲ့နှမ်းထွက် မကိုက်ဘဲ ၂၀၁၅ ခုနှစ်တုန်းကလို NLD ပါတီ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြန်ပါတယ်။ 

 

၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းက ချင်းပါတီဟာ ခုလို (CNLD) ပါတီအနေနဲ့ တစ်စုတစ်စည်းတည်း ပေါင်းစည်းနိုင်ခြင်းမရှိသေးဘဲ ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီ (CNDP)၊ ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD) နဲ့ ချင်းတိုးတက်ရေးပါတီ (CPP) အနေနဲ့ သီးခြားစီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရလို့ ချင်းပြည်သူတွေရဲ့ မဲတွေကွဲသွားပြီး ဆုံးနိမ့်ခဲ့ရတယ်လို့ ဖြေသိမ့်နိုင်ခဲ့ကြတယ်လို့ ဆိုရမှာပါ။

 

ချင်းနိုင်ငံရေးပါတီတွေဟာ ၂၀၁၅ ရွေးကောက်ပွဲကို သင်ခန်းစာရယူပြီး ချင်းပြည်သူတွေ လိုလားတောင်းတနေတဲ့ ပါတီပေါင်းစည်းရေးကို ၂၀၁၈ ခုနှစ်က အကောင်အထည်ဖော်ဆောင်ပြီး ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီကို ဖွဲ့စည်းလိုက်ကြပါတယ်။ 

 

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကလည်း တစ်ပါတီအဖြစ် စုပေါင်းဖွဲ့စည်းလိုက်ကြတဲ့ (CNLD) ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ (NLD) ပါတီရဲ့ အဓိက ပြိုင်ဖက်ပါတီဖြစ်လာပြီး ချင်းပြည်နယ်မှာ မဲဆန္ဒနယ်မြေထက် ဝက်ကျော်လောက် အနိုင်ရရှိမယ်လို့ ကြိုတင်ခန့်မှန်းခဲ့ကြပေမယ့် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းရလဒ်တွေအရ (CNLD) ပါတီဟာ ချင်းပြည်နယ်မှာ မဲဆန္ဒနယ်မြေ တစ်နေရာသာအနိုင်ရရှိခဲ့တာကြောင့် လူအတော်များများကို အံ့အားသင့်စေခဲ့သလို CNLD ပါတီခေါင်းဆောင်တွေကိုယ်တိုင် အံ့သြခဲ့ရပါတယ်။ 

 

CNLD ပါတီ၏ အတွင်းရေးမှူးတစ်ဦးဖြစ်တဲ့ ဆလိုင်းပီပီက “ပထမမျော်လင့်တာကတော့ လွှတ်တော်မှာ အနည်းဆုံး ၁၁ နေရာလောက်တော့ ရမယ်လို့ မျှော်လင့်တာပေါ့။ ဒါပေမယ့် တစ်နေရာဘဲရတော့ ကျွန်တာ်တို့ လည်း အံ့ဩမိတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့အနေနဲ့ အတွင်းနဲ့အပြင်ကို ကြည့်ဖို့လိုမယ်။ အပြင်ဖြစ်တဲ့ ချင်းပြည်နယ်ရဲ့ ပြင်ပကိုကြည့်မယ်ဆိုရင် ဒေါ်စု ကျန်းမာလျက်ရှိတုန်းမှာတော့ နိုင်ငံတစ်နိုင်ငံလုံး လွှမ်းမိုးမှုတော့ရှိနေတယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းတွေကြောင့်လဲပါမယ်။ ပြီးတော့ ဒီပွဲက ပြည်သူက အဆုံးအဖြတ်ပေးတဲ့ပွဲဆိုတော့ ပြည်သူတွေရဲ့စိတ်ထဲမှာ ကျနော်တို့ CNLD က မရှိသေးဘူးလို့ အလွယ်သုံးသပ်ပါတယ်” လို့ ပြောပါတယ်။

 

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီဟာ ချင်းပြည်နယ်မှာ မဲဆန္ဒနယ်မြေ ၃၇ နေရာနဲ့ ချင်းပြည်နယ်ပြင်ပ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ မဲဆန္ဒနယ်မြေ ၂၀ စုစုပေါင်း မဲဆန္ဒနယ်မြေ ၅၇ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

 

မြို့နယ် ကိုး မြို့နယ်ရှိတဲ့ ချင်းပြည်နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ ကိုးနေရာ၊ အမျိူးသားလွှတ်တော်မဲဆန္ဒနယ်မြေ ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ ၁၈ နေရာ စုစုပေါင်း မဲဆန္ဒနယ်မြေ ၃၉ နေရာရှိတဲ့အထဲကနေ NLD ပါတီက ၃၆ နေရာ၊ ဇိုမီးဒီကရေစီအဖွဲ့ချူပ် ZCD ပါတီက နှစ်နေရာနဲ့ CNLD ပါတီ တစ်နေရာသာ ရရှိခဲ့တာဖြစ်ပါတယ်။

 

CNLD ပါတီဟာ ၂၀၁၈ ခုနှစ်မှာသာ ဖွဲ့စည်းနိုင်ခဲ့ကြတာကြောင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုပိုင်းမှာ အချိန်ကာလအရမ်းနည်းသွားတဲ့အပြင် ကိုဗစ်ကြောင့် သင်တန်းတွေ၊ အစည်းအဝေးတွေပြုလုပ်ဖို့ အတားအဆီးဖြစ်ခဲ့တဲ့ အရာတွေဟာလည်း ရွေးကောက်ပွဲ ရှုံးနိမ့်စေတဲ့အကြောင်းရင်းမှာပါတယ်လို့ ဆလိုင်းပီးပီက သုံးသပ်ပါတယ်။

 

“ဒီတစ်ခေါက် ကျွန်တော်တို့ ဆုံးရှုံးရတဲ့အထဲမှာ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်မှုကာလက အရမ်းကိုနည်းတယ်၊ ကျွန်တော်တို့မှာ မဟာဗျူဟာတွေ အများကြီးရှိတယ်။ သင်တန်းတွေရှိမယ်။ ဘယ်လိုတွေလုပ်ရမယ်ဆိုတာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကိုဗစ်ကြောင့် အစည်းအဝေးတွေမလုပ်နိုင်တော့ဘူး။ သင်တန်းတွေ မပို့ချနိုင်တော့ဘူးဆိုတဲ့ အတားအဆီးတွေ အခက်အခဲတွေ အများကြီးရှိတယ်။ အဲဒါကြောင့်လည်း ပါပါတယ်” လို့ ၎င်းကပြောပါတယ်။

 

ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် CNLD ပါတီကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှာ ဖွဲ့စည်းခဲ့ပြီး အောက်တိုဘာမှာ  ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်လျှောက်ထားခဲ့ပေမယ့် ၂၀၁၉ ဇူလိုင်မှသာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကျခဲ့တာဖြစ်ပါတယ်။

 

ချင်းပြည်သူတွေအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပိုင်းမှာ နှစ်ပေါင်းများစွာ နောက်ကောက်ကျခဲ့တာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ တန်းတူညီမျှမှုထက် ဖွံ့ဖြိုးတိုးတက်ရေးပိုင်းမှာ ပိုပြီးတော့ ဆာလောင်နေသေးတာကြောင့် NLD ပါတီအနေနဲ့ ခုလိုဆက်လက်အနိုင်ရရှိတာလို့ ချင်းနိုင်ငံရေးကို လေ့လာစောင့်ကြည့်သူတစ်ဦးဖြစ်တဲ့ Third Eye အဖွဲ့က ကိုမာန်အွမ်ကပြောပါတယ်။

 

“နိုင်ငံသားတွေရဲ့ နိုင်ငံရေးဆိုင်ရာအသိမှာ၊ နိုင်ငံရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာအသိမှာ သိပ်ပြီးတော့ နားမလည်နိုင်သေးဘူး။ ပြည်သူတွေလိုချင်တာက နိုင်ငံရေးဆိုင်ရာ တန်းတူညီမျှမှုကို လိုချင်နေတာမဟုတ်ဘူးလို့ နားလည်တယ်။  နှစ်ပေါင်း ၇၀ ကျော် မဖွံဖြိုးမတိုးတက်တဲ့နေရာဖြစ်လို့ဖွံ့ဖြိုးရေးဆာလောင်နေတာ ဖြစ်တယ်။ လမ်းတွေ၊ အဆောက်အဦးတွေ၊ တံတားတွေ၊ မြေတွေ အများကြီးလိုအပ်တယ်ပေါ့လေ။ အဲဒီလိုအပ်ချက်တွေမှာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဖြစ်တဲ့ တိုင်းတာလို့ရတဲ့ မြင်သာလို့ရတဲ့ဟာမျိုးတွေက ကျွန်တော်တို့ တောင်တန်းသားတွေအတွက် အရမ်းဆာလောင်နေရတဲ့ ဖွံ့ဖြိုးရေးလိုအပ်ချက်ဖြစ်နေလို့ ဖွံ့ဖြိုးရေးလုပ်ငန်းခေါင်း စဉ်နဲ့ မဲဆွယ်ရတာက ပိုပြီးတော့ အလုပ်ဖြစ်တယ်လို့ မြင်ပါတယ်” လို့ ဆလိုင်းမာန်အွမ်ကပြောပါတယ်။

 

CNLD ပါတီခေါင်းဆောင်တွေနဲ့ ကိုယ်စာလှယ်လောင်းတွေဟာ ပြည်သူတွေနဲ့ ရွေးကောက်ပွဲမရှိတဲ့ကာလမှာ ထိတွေ့ဆက်ဆံမှုနည်းခဲ့တာလည်းပါတီရဲ့ အားနည်းချက်တစ်ခုဖြစ်စေတယ်လို့ ဝေဖန်မှုအချို့လည်း ရှိနေပါ တယ်။

 

Third Eye အဖွဲ့မှ ဆလိုင်းမာန်အွမ်က “ချင်းပြည်သူလူထုနဲ့ မကြာခဏထိတွေ့ဆက်ဆံမှုတော့ ရှိစေချင်တယ်။ ခေါင်းဆောင်တွေအနေနဲ့ အနည်းဆုံးတော့ ကိုယ့်စရိတ်နဲ့ကိုယ်မဟုတ်ရင်တောင်မှ Workshop တို့ Forum တို့ မကြာခဏတက်ပေးတာတို့ ထိတွေ့ဆက်ဆံပေးတာတို့ လိုတယ်။ ကိုယ်စားလှယ်လောင်းတွေကတော့ ရန်ကုန်မှာနေတာတို့ တစ်ခြားနေရာမှာနေတာတို့တော့ မဖြစ်စေချင်ဘူး။ ရွေးကောက်ပွဲကာလမှာဘဲ နိုင်ငံရေးကို ပြောနေတာမျိုးမဟုတ်ဘဲနဲ့ ပြည်သူတွေနဲ့ တောက်လျောက်နေပေးပြီးတော့ နိုင်ငံရေးပြသနာကို ဖြေရှင်းပေးတာမျိုးတော့ အရမ်းဖြစ်စေချင်တယ်” လို့ ပြောပါတယ်။

 

ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ Chin bridge Institute မှ ဒါရိုက်တာ ဆလိုင်းဗန်ကျုံးလျန်ကတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ NLD နဲ့ CNLD ပါတီတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ ပုံရိပ်ဟာ ကွာခြားမှုကြီးမားနေတာကြောင့် CNLD ကိုယ်စားလှယ်တွေ က ရှုံးနိမ့်ရတာဖြစ်တယ်”လို့ သုံးသပ်ထားပါတယ်။

 

“ချင်းပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမတ်လောင်းတွေရဲ့ ပုံရိပ်နဲ့ NLD ကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ပုံရိပ်က အရမ်းကွာလွန်းတယ်၊ ဥပမာ - ထန်တလန်မှာ ဦးဗန်မှုန်လျန်နဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူမှာဆိုရင် ဒုတိယသမ္မတက ပုံရိပ်ပိုင်းမှာ အရမ်းသာတယ်။ NLD က ဝင်ပြိုင်တဲ့သူအများစုက လက်ရှိဝန်ကြီးတွေ၊ ဥပဒေအရာရှိတွေ၊ တက္ကသိုလ်ကျောင်းအုပ် လုပ်ခဲ့တဲ့သူတွေဆိုတော့ သူတို့ကို မကြိုက်တဲ့သူတွေ ရှိရင်ရှိမယ်။ ဒါပေမယ့် ကျေးရွာဘက်မှာက သူတို့ရဲ့ပုံရိပ်ကအရမ်းကြီးတယ်။ ဒါကြောင့်မို့လို့ ချင်းပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေက NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် Competitive မဖြစ်ဘူး” ဟု ဆလိုင်းဗန်ကျုံးလျန်က သုံးသပ်ပါတယ်။

 

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အသုံးပြုခဲ့တဲ့ မဲဆွယ်စည်းရုံးရေးနည်းဗျူဟာကလည်း အခြားတိုင်းရင်းသားပါတီအားလုံး သုံးသွားတဲ့နည်းဗျူဟာထက် သာလွန်မှုရှိတာကလည်း NLD အတွက် ရွေးကောက်ပွဲနိုင်စေတဲ့ အချက်တစ်ခုအပါအဝင်ဖြစ်တယ်လို့ ဆလိုင်းဗန်ကျူံးလျန်က သုံးသပ်ထားပါတယ်။

 

“၁၉၉၀ ရွေးကောက်ပွဲကတည်းက NLD အနေနဲ့ ရွေးကောက်ပွဲစည်းရုံးရေးမှာ မြို့မိမြို့ဖအများစုကို အခြေခံပြီးသုံးတယ်။ ဒီနှစ် ရွေးကောက်ပွဲမှာလည်း ဒီလိုဘဲ မြို့မိမြို့ဖတွေကို ပြန်သုံးတာကိုတွေ့ရတယ်။ ဒီဟာက NLD ကို အပြစ်သွားတင်လို့မရဘူး။ နောက်တစ်ခုက NLD အနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့မှာ လူအများအထင်ကြီးလေးစားရတဲ့ ပုဂ္ဂိုလ်တွေကို သုံးနိုင်တာတွေ့ရတယ်။ဥပမာ - ဒေါက်တာဆာဆာပေါ့၊ အဲမှာ ကွာခြားသွားတာက CNLD ကျတော့ လူငယ်တွေကို အဓိကထားသုံးတာတွေ့တယ်။ လူငယ်တွေကိုကျတော့ အများစုက သိပ်မသိကြဘူး။ ဒီအချက်ကလည်း အားနည်းချက်တစ်ခုဖြစ်တယ်လို့မြင်တယ်” လို့ ဆလိုင်းဗန်ကျူံးလျန်က သူ့အမြင်ကိုပြောပါတယ်။

 

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက ချင်းပြည်နယ် ပလက်ဝ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း၊ ထန်လတန်၊ တီးတိန် စတဲ့ မြို့နယ် ခုနစ်မြို့နယ်၏ မဲဆန္ဒနယ်မြေအားလုံးမှာ အနိုင်ရရှိသလို ဟားခါးမြို့နယ်မှာလေးနေရာ၊ တွန်းဇံမြို့နယ်မှာနှစ်နေရာစုစုပေါင်း ၃၆ နေရာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

 

ZCD ပါတီကတော့ တွန်းဇံမြို့နယ် ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်မဲဆန္ဒနယ်မြေ အမှတ် ၂ မှာ အနိုင်ရရှိခဲ့ပြီး CNLD ပါတီကတော့ ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ အမှတ် ၂ တစ်နေရာမှာသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

 

ချင်းပြည်နယ် NLD ဥက္ကဌဖြစ်သူဦးဇိုဘွေ့ကတော့ NLD ပါတီအနေနဲ့ အခုလို အနိုင်ရရှိတာဟာ နှစ်ပေါင်းများစွာ တော်လှန်ရေးလုပ်ခဲ့တာတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုရရှိထားတာဖြစ်တယ်လို့ ပြောပါတယ်။

 

“ကျနော်တို့ NLD အနေနဲ့ စစ်အာဏာရှင်စနစ်ကို ဘဝတွေကိုစတေးပြီးတော့ တော်လှန်ရေးလုပ်ခဲ့တာ နှစ်ပေါင်း ၂ဝ ကျော်လုပ်ခဲ့တဲ့အတွက် NLD ပါတီရဲ့ခေါင်းဆောင်ကို ပြည်သူတွေက အသိအမှတ်ပြုတဲ့အနေနဲ့ ပြည်သူတွေရဲ့ထောက်ခံမှုကို ရရှိခဲ့တာဖြစ်ပါတယ်” လို့ ဦးဇိုဘွေက ပြောပါတယ်။

 

အချုပ်အားဖြင့်ဆိုရလျှင် လာမယ့် ရွေးကောက်ပွဲများတွင် တိုင်းရင်းသားပါတီများ အနိုင်ရရှိရန် ယခုကတည်းက မြေပြင်တွင် ဒေသခံများနဲ့ထိတွေ့ခြင်း၊ နိုင်ငံရေးစကားဝိုင်းများကို ပြည်သူများပိုမိုပါဝင်လာရန် ပြုလုပ်ခြင်း၊ မိမိ တို့လျာထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း၏ပုံရိပ်များကိုမြှင့်တင်ခြင်းနဲ့ ယခုနှစ် ရွေးကောက်ပွဲမှရရှိခဲ့ တဲ့ အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်၍ ရွေးကောက်ပွဲဆိုင်ရာ မဟာဗျူဟာများကို ပြန်လည်ရေးဆွဲခြင်းများကိုပြုလုပ်ကာ ယခုကာလမှစ၍ အကောင်ထည်ဖော်မည်ဆိုပါက မကြာသောကာလ များတွင် တောင်ဇလပ်မြေမှာ အောက်ချင်းငှက်၏တောင်ပံခတ်သံများ ပြန်လည်ကြားနိုင်မည်ဖြစ်ကြောင်း သုံးသပ် တင်ပြလိုက်ပါတယ်။

July 3, 2021
“ဒီမှာဘဲနေပြီး ဒီမှာပဲသေမယ် ရွာပြန်မနေတော့ဘူး။ ကျမလုံး၀ ပြန်မနေချင်တော့ဘူး။ အရမ်းကြောက်တယ်။ သူ...
June 19, 2021
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ ရှမ်းပြည်နယ်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့...
January 26, 2021
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အရေးအကြီးဆုံးအချက်က တိုင်းရင်းသား...
January 21, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုတွေကို ဖေဖော်ဝါရီ ၁...