အမှန်ခြစ်တံဆိပ်တုံးတွင် UEC စာလုံးသုံးလုံးပါရှိခြင်း ရှိ/မရှိ ကြည့်ရှု့စစ်ဆေးပြီးမှမဲပေးရန် ရွေးကော်သတိပေး

အမှန်ခြစ်တံဆိပ်တုံးတွင် UEC စာလုံးသုံးလုံးပါရှိခြင်း ရှိ/မရှိ ကြည့်ရှု့စစ်ဆေးပြီးမှမဲပေးရန် ရွေးကော်သတိပေး
by -
Saw Pway Doh (NMG)၊ Myat Thwin Oo (Hinthar)

နိုဝင်ဘာလ ၈ ရက်တွင် မဲပေးမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒပြု အမှန်ခြစ်တံဆိပ်တုံးတွင် UEC စာလုံးသုံးလုံးပါရှိခြင်း ရှိ/မရှိ သေချာကြည့်ရှု့စစ်ဆေးပြီးမှ မဲပေးကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ကြေညာချက်ထုတ်ပြန် သတိပေးလိုက်သည်။

UEC အနေဖြင့် ယင်းထုတ်ပြန်ချက်ကို နိုဝင်ဘာ ၆ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် မဲမပေးမီ တံဆိပ်တုံးကို စစ်ဆေးရန်လိုအပ်ပြီး UEC ဟူသည့် စာလုံးသုံးလုံးမပါပါက မဲရုံမှူး၊ ဒု-မဲရုံမှူး၊ သို့မဟုတ်လျှင် မဲရုံအဖွဲ့ဝင်တစ်ဦးဦးထံ အကြောင်းကြားရမည်ဖြစ်ကာ အဆိုပါ စာသုံးလုံးပါမှသာ မိမိတို့ ဆန္ဒမဲပေးလိုသော ကိုယ်စားလှယ်အမည်၊ သင်္ကေတ အမှတ်အသားနှင့် တည့်တည့် လေးထောင့်အကွက်တွင် တံဆိပ်တုံးရိုက်နှိပ် မဲပေးကြရန် အသိပေးထားသည်။

UEC ၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်သည့်အခါတွင် တိုင်းဒေသကြီး/ပြည်နယ် အချို့၌ UEC စာလုံးသုံလုံးမပါဝင်သော အမှန်ခြစ်တံဆိပ်တုံးအတုများ ပေါ်ထွက်နေကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောက်ဦးမြို့နယ်တွင် ရပ်ကျေးကော်မရှင် လေးဦးက  ကြိုတင်မဲစာ ရင်းကောက် ယူရာတွင် အသုံးပြုသည့် တံဆိပ်တုံးများတွင် UEC စာလုံးသုံးလုံး မပါသည့်ဖြစ်စဉ်၊ မွန်ပြည်နယ် ပေါင်မြို့နယ် အင်းဗြောင်ကျေးရွာရှိ မဲရုံအမှတ် ၁ တွင်လည်း UEC စာလုံးအမှတ်အသားမပါသည့် တံဆိပ်တုံးအတုဖြင့် ခတ်နှိပ် မဲပေးမိခဲ့သည့် မဲလက်မှတ်များကိစ္စ ပေါ်ပေါက်၍ နိုဝင်ဘာ ၅ ရက်တွင် ပယ်မဲ သတ်မှတ်ကာ မဲတကျော့ပြန် ပေးစေခဲ့ရသည့် ဖြစ်စဉ်တစ်ရပ်လည်း ယခုကြိုတင်မဲကာလတွင် ဖြစ်ပွားခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မြို့မရပ်ကွက် မဲရုံအမှတ် ၂ နယ်မြေ၊ နေပြည်တော် ဇေယျသီရိမြို့နယ် အောင်ဇေယျရပ်ကွက်ရှိ မဲရုံတစ်ရုံတို့အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးတော်တော်များများတွင်လည်း တံဆိပ်အတုပြသနာများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယခုကျင်းပမည့် ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော်ရှိမည်ဖြစ်ကြောင်း ကော်မရှင်ထုတ်ပြန်ချက်များအရ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...