နိုဝင်ဘာလ ၈ ရက်တွင် မဲပေးမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒပြု အမှန်ခြစ်တံဆိပ်တုံးတွင် UEC စာလုံးသုံးလုံးပါရှိခြင်း ရှိ/မရှိ သေချာကြည့်ရှု့စစ်ဆေးပြီးမှ မဲပေးကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ကြေညာချက်ထုတ်ပြန် သတိပေးလိုက်သည်။
UEC အနေဖြင့် ယင်းထုတ်ပြန်ချက်ကို နိုဝင်ဘာ ၆ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် မဲမပေးမီ တံဆိပ်တုံးကို စစ်ဆေးရန်လိုအပ်ပြီး UEC ဟူသည့် စာလုံးသုံးလုံးမပါပါက မဲရုံမှူး၊ ဒု-မဲရုံမှူး၊ သို့မဟုတ်လျှင် မဲရုံအဖွဲ့ဝင်တစ်ဦးဦးထံ အကြောင်းကြားရမည်ဖြစ်ကာ အဆိုပါ စာသုံးလုံးပါမှသာ မိမိတို့ ဆန္ဒမဲပေးလိုသော ကိုယ်စားလှယ်အမည်၊ သင်္ကေတ အမှတ်အသားနှင့် တည့်တည့် လေးထောင့်အကွက်တွင် တံဆိပ်တုံးရိုက်နှိပ် မဲပေးကြရန် အသိပေးထားသည်။
UEC ၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်သည့်အခါတွင် တိုင်းဒေသကြီး/ပြည်နယ် အချို့၌ UEC စာလုံးသုံလုံးမပါဝင်သော အမှန်ခြစ်တံဆိပ်တုံးအတုများ ပေါ်ထွက်နေကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောက်ဦးမြို့နယ်တွင် ရပ်ကျေးကော်မရှင် လေးဦးက ကြိုတင်မဲစာ ရင်းကောက် ယူရာတွင် အသုံးပြုသည့် တံဆိပ်တုံးများတွင် UEC စာလုံးသုံးလုံး မပါသည့်ဖြစ်စဉ်၊ မွန်ပြည်နယ် ပေါင်မြို့နယ် အင်းဗြောင်ကျေးရွာရှိ မဲရုံအမှတ် ၁ တွင်လည်း UEC စာလုံးအမှတ်အသားမပါသည့် တံဆိပ်တုံးအတုဖြင့် ခတ်နှိပ် မဲပေးမိခဲ့သည့် မဲလက်မှတ်များကိစ္စ ပေါ်ပေါက်၍ နိုဝင်ဘာ ၅ ရက်တွင် ပယ်မဲ သတ်မှတ်ကာ မဲတကျော့ပြန် ပေးစေခဲ့ရသည့် ဖြစ်စဉ်တစ်ရပ်လည်း ယခုကြိုတင်မဲကာလတွင် ဖြစ်ပွားခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မြို့မရပ်ကွက် မဲရုံအမှတ် ၂ နယ်မြေ၊ နေပြည်တော် ဇေယျသီရိမြို့နယ် အောင်ဇေယျရပ်ကွက်ရှိ မဲရုံတစ်ရုံတို့အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးတော်တော်များများတွင်လည်း တံဆိပ်အတုပြသနာများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခုကျင်းပမည့် ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော်ရှိမည်ဖြစ်ကြောင်း ကော်မရှင်ထုတ်ပြန်ချက်များအရ သိရသည်။