ကိုဗစ်ကြောင့် ကချင်ပြည်နယ်တွင် မဲရုံများ ထပ်မံခွဲပေးရန်တောင်းဆိုမှုများ ရှိလာသည့်အပေါ် မဲရုံများတွင် မဲဆန္ဒရှင်များ ရောဂါကူးစက်မူမဖြစ်စေရန် အကာအကွယ်များ အပြည့်အဝဆောင်ရွက်ပေးထားကြောင်း ကချင်ပြည် ရွေးကောက်ပွဲကော်မရှင်မှ အရာရှိဦးထွန်းအောင်ခိုင်က တုန့်ပြန်ပြောကြားခဲ့သည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဗလခကျေးရွာနှင့်တောင်ပြိုကျေးရွာနှစ်ရွာသည်မဲရုံအမှတ် ၁၀၁ တစ်ရုံထဲတွင်မဲပေးရမည်ဖြစ်ပြီး ဗလခကျေးရွာမှမဲ ဆန္ဒရှင် များအနေဖြင့် ကိုဗစ်ကြောင့်တောင်ပြိုသို့သွားရောက် မဲပေးရန်အဆင်မပြေသည့်အတွက် မဲရုံခွဲပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းပြောကြားချက်များအပေါ် ဦးထွန်းအောင်ခိုင်က အထက်ပါအတိုင်း ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။
“မဲလာပေးမယ့် မဲဆန္ဒရှင်တွေအနေနဲ့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ အသိပညာပေးဆောင်ရွက်ထားတာရှိတယ်။ အဲဒီဟာတွေကိုလိုက်နာပြီး လိုအပ်တဲ့အကာကွယ် ပစ္စည်းနဲ့ မဲလာပေးကြပါ။ ကျနော်တို့ကော်မရှင်ဘက်ကလည်း သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီးတော့မှ မဲရုံမှာ မဲဆန္ဒရှင်တွေ ရောဂါကူးစက်မူမဖြစ်စေရန် အပြည့်အဝအကာကွယ်မူတွေ ဆောင်ရွက်ပေးထားတယ်။ စိတ်ချလက်ချမဲလာပေးကြဖို့ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။
ယခင် ၂၀၁၅ ရွေးကောက်ပွဲတုန်းက တောင်ပြိုရွာနှင့်ဗလခကျေးရွာသည် လူဦးရေနည်းပါးနေသည့်အတွက် မော့မောင်းရွာရှိမဲရုံသို့ သွားပေးခဲ့ရပြီးယခု ၂၀၂၀ တွင် လူဦးထပ်တိုးလာသည့်တွက် တောင်ပြိုနှင့်ဗလခ ကျေးရွာနှစ်ရွာအား မဲရုံတစ်ရုံ ခွဲထုတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
သို့သော်လည်း ဖားကန့်မြို့နယ်ကော်မရှင်အနေဖြင့် ဗလခကျေးရွာ၏ မဲရုံခွဲပေးရေး တောင်းဆိုချက်ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားကြောင်းမြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ကျော်သူက ပြောသည်။
“မဲရုံ ၁၀၁ မှာကျတော့ တောင်ပြိုနဲ့ဗလခ ကျေးရွာနှစ်ရွာက မဲရုံတစ်ရုံထဲမှာ မဲပေါင်းပေးရမှာ ဖြစ်တယ်။ ဒါပေမယ့် တောင်ပြိုကျေးရွာကကျတော့ ပိုးတွေ့လူနာအများဆုံးဖြစ်တဲ့တွက် Lockdown ချထားတဲ့ရွာဖြစ်တယ်။ ပိုးတွေ့လူနာလည်း ၄ဝ ကျော်တွေ့ခဲ့တဲ့ရွာဖြစ်တဲ့တွက် ဗလခရွာသားတွေက မဲသွားပေးဖို့ကို စိုးရိမ်တဲ့အခြေနေရှိနေကြတယ်။ ပြီးတော့ ရောဂါကူးစက်မူလည်းမဖြစ်အောင် ပြီးတော့ လက်ရှိချိန်ထိတောင်ပြိုက ဝင်လို့မရသေးတဲ့အခြေနေဖြစ်နေတဲ့တွက် ဗလခရွာက မဲရံတစ်ရုံခွဲပေးပါဆိုပြီး တောင်းဆိုလာကြတယ်။ အဲကြောင့်ကျနော်တို့လည်း တင်ပြထားဆဲဖြစ်တယ်” ဟု ၎င်းကပြောသည်။
လက်ရှိတောင်ပြိုကျေးရွာသည် မဲပေးပိုင်ခွင့်မဲဆန္ဒရှင် ၈ဝဝ ကျော်ခန့်ရှိပြီး ဗလခကျေးရွာသည် ၁၃၀၀ ခန့်ရှိကြောင်း မဲစာရင်းများအရ သိရသည်။
ယင်းသို့ မဲရုံခွဲပေးရန် တောင်းဆိုမှုများနှင့်ပတ်သက်၍ ယခုအခါ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားသည်ဟု ဆိုသည်။
ကချင်ပြည်နယ်တွင်အောက်တိုဘာ ၁၆ ရက်အထိ ပိုးတွေ့လူနာပေါင်း ၈၅ ဦးရှိနေပြီး ဖားကန့်မြို့နယ်တွင် ၅၅ ဦးဖြစ်ကြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုဗစ်ကြောင့် ကချင်ပြည်သူများအနေဖြင့် မဲပေးရန် စိုးရိမ်မူများစွာရှိနေကြကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူပေါင်း တစ်သိန်းရှစ်သောင်းကျော်ရှိကာ မဲရုံပေါင်း ၁၀၄ ရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီပေါင်း ခြောက်ပါတီရှိကြောင်းနှင့် ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီပေါင်း ၁၉ ပါတီရှိပြီး မဲဆန္ဒရှင်ဦးရေ ၁၁ သိန်းနီးပါးရှိကာ မဲရုံ ၉၁၈ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
Published
Saturday, October 17, 2020
ကိုဗစ်ကြောင့် မဲရုံများကို ထပ်မံခွဲပေးရန်တောင်းဆိုမှုများအပေါ် မဲဆန္ဒရှင်များ ရောဂါကူးစက်မူမဖြစ်စေရန် အကာအကွယ်များ အပြည့်အဝဆောင်ရွက်ပေးထားဟု ကချင်ပြည်နယ်ရွေးကော်တုန့်ပြန်