၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင်ကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုကြေညာထားပြီးဖြစ်သည်။ သို့သော်လည်းမြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုနှုန်း မြင့်မားနေခြင်းကြောင့် ရွေးကောက်ပွဲနေ့ မဲရုံတာဝန်ကျ တိုင်းရင်းသားဆရာ/ဆရာမများ၏ စိုးရိမ်ပူပန်မှုများကို အခုလို မေးမြန်းတင်ပြပေးလိုက်ရပါသည်။
ဆရာမ ဘောက်ဆမ် (အလယ်တန်းပြ-မြစ်ကြီးနားမြို့နယ်)
“ဆရာမတို့တော့ စိုးရိမ်ပေမယ့် ဝန်ထမ်းဖြစ်တဲ့အတွက် လုပ်ရမှာပေါ့လေ။ ဆရာမတို့လိုပဲ ကျန်းမာရေး ဝန်ထမ်းတွေလည်း စိုးရိမ်ကြမှာပါပဲ။ သူတို့လည်း လူအများအတွက် လုပ်နေရတာဆိုတော့ ဆရာမတို့လည်း လုပ်ရမှာပေါ့လေ။ ဖြစ်နိုင်ရင်တော့ ရွေးကောက်ပွဲရက်တော့ ရွှေ့ခိုင်းစေချင်တာပေါ့။ ဘယ်သူမဆို အသက်ဆုံးရှုံးမှာတော့ ကြောက်ကြတယ်လေ။ ရောဂါကူးစက်မှာတော့ ကြောက်တာပေါ့။ ဘေးကင်းဖို့အတွက်ဆိုရင်တော့ ဆရာ၊ ဆရာမတွေအတွက် လုံခြုံမှုအပြည့်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကိုယ့်ကြောင့်လည်း သူတစ်ပါးကို မကူးစေချင်ဘူး။ ကိုယ်လည်း သူများဆီက မကူးချင်ဘူး။ အစိုးရက အခု လူစုလူဝေးမလုပ်ရဘူးလို့ပြောပေမယ့် လူစုအောင်လည်း သူတို့ပဲလုပ်နေတယ်။ အစိုးရ နှစ်ရပ်လို ပုံစံဖြစ်နေတယ်။ ဆရာမတို့အနေနဲ့ကတော့ ဒီရွေးကောက်ပွဲကို မလုပ်ခိုင်းစေချင်သေးဘူး။ ဘယ်ဆရာမမှလည်း မလုပ်ခိုင်းစေချင်ဘူး။ မလုပ်ချင်လို့မဟုတ်ဘူး ကြောက်ကိုကြောက်လို့ပေါ့။ တစ်ချို့ဆရာမတွေရဲ့ အခက်အခဲကတော့ ကျောင်းက ပိတ်ထားတော့ ကိုယ့်ဒေသကို ပြန်သွားတယ်။ အဲ့ဒီတော့ကိုယ့်ဒေသမှာမဟုတ်ဘဲ တခြားဒေသမှာ မဲရုံစောင့်ဖို့ပြန်သွားရတော့ အရမ်းခက်တယ်”
ဆရာ မျိုးဒန်အောင် (မြစ်ကြီးနားမြို့နယ်)
“အရမ်းတော့ စိုးရိမ်ပေမယ့် မဖြစ်မနေလုပ်ရမှာဆိုတော့ စောင့်ရမှာပဲပေါ့။ ကျွန်တော်က ဒီနှစ်မှ ပထမဦးဆုံးအကြိမ် မဲရုံစောင့်ရမှာပေါ့။ အခုကချင်ပြည်နယ်မှာတော့ ဒီလောက်ဆိုးဆိုးရွားရွားမဖြစ် သေးဘူးဆိုတော့ နည်းနည်းတော့ ခံသာတာပေါ့။ ကိုယ့်ဘက်က တောင်းဆိုချင်တာတော့ သိပ်တော့မရှိပါဘူး။ မဲရုံစောင့်တာက အရင်ကတော့ မဲပေးမယ့်သူတွေကို မှတ်ပုံတင်စစ်တာလောက်ပဲ လုပ်ရတာပေါ့။ အခုကတော့ အလုပ်ပိုပိုလာမှာပေါ့ခြောက်ပေအကွာကနေလည်း လုပ်ပေးရတယ်။ တခြားကျန်းမာရေး အကာအကွယ် တွေလည်း လုပ်လာရမှာပေါ့။ မဲလာပေးတဲ့သူတွေကလည်း အုံလိုက်ကြီးလာမှာဆိုတော့ ကျွန်တော်တို့အတွက် တော့ ခက်တာပေါ့။ ဒါပေမယ့် မတတ်နိုင်ဘူးပေါ့လေ”
ဆရာမရွယ်နောင်း (အထက်တန်းပြ-မြစ်ကြီးနားမြို့နယ်)
“မဲရုံစောင့် တာဝန်ကတော့ ဝန်ထမ်းဖြစ်တာကြောင့် စိုးရိမ်စိတ်တော့ ရှိပေမယ့် လုပ်ရမှာပဲလေနော်။ စနစ်တကျလေ့ကျင့်ထားတဲ့ ကျန်းမာရေး ဝန်ထမ်းတွေတောင် ကူးနေတဲ့အချိန်ဖြစ်တော့ ဆရာ၊ ဆရာမတွေအနေနဲ့က ပညာရေးနဲ့ပဲဆိုတော့ စိုးရိမ်တယ်။ အယောက်စီတိုင်းကို ကိုဗစ် ကာကွယ်ရေးအတွက် ဘယ်လောက်ထိ လုပ်ပေးနိုင်မလဲ အဲ့တာလေးကိုတော့ လုပ်ပေးဖို့ မျှော်လင့်တယ်။ နိုင်ငံတော်က အတတ်နိုင်ဆုံး ဆရာ၊ ဆရာမတွေအတွက် ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းတွေ ထားပေးရင်တော့ ပိုကောင်းတယ်။ လက်ရှိကျွန်မအတွက်တော့ မြို့တွင်းပဲကျတော့ သွားရေးလာရေးအခက်အခဲတော့မရှိပေမယ့် ကျွန်မက အိမ်မှာ သမီးအငယ်နှစ်ယောက်ပဲရှိတယ်။ အမျိုးသားက အဝေးမှာ အလုပ်တာဝန်ကျတယ်ဆိုတော့ အိမ်မှာ မိသားစုသုံးယောက်ပဲရှိတယ်။ ကျွန်မက အပြင်မှာ လူအများကြီးနဲ့ ထိတွေ့ပြီး ပြန်လာတယ်ဆိုရင် အိမ်က သမီးငယ်နှစ်ယောက်အတွက် စဉ်းစားစရာဖြစ်သွားပြီ။ ကို်ယ်တစ်ယောက်တည်းပဲ ကွာရန်တင်းသွားဝင်ရမလား။ ကို်ယ့်ကို်ယ်ကို မယုံကြည်တော့ဘူးပေါ့ အဲ့လိုအခက်အခဲရှိတယ်။ နောက်ပြီး ဝေးတဲ့တောရွာတွေမှာကျတဲ့ ဆရာ၊ ဆရာမတွေဆိုရင် သွားရေးလာရေး၊ စားရေးသောက်ရေးကအစ ပိုခက်ခဲဖို့ပဲရှိတယ်။ နိုင်ငံတော်အနေနဲ့လည်း ရပ်ဝေးမှာကျတဲ့ ဆရာ၊ ဆရာမတွေကိုလည်း ဘယ်လိုစီစဉ်ထားပေးလဲ။ သူတို့ရဲ့ ကျန်းမာရေး အာမခံချက်တွေ ဘယ်လိုလုပ်ဆောင်ထားပေးလဲပေါ့။ အခုက မဲပေးတဲ့အချိန် တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေအကွာကနေ စီစဉ်ပေးမယ်လို့ ဆိုပေမယ့် မြေပြင်အခြေအနေမှာတော့ ခက်ခဲနိုင်ပါတယ်။ ဟိုတစ်လောက အထက်တန်းပဲဖွင့်တဲ့အချိန် ကလေးတွေကို ခြောက်ပေအကွာတောင်မဟုတ်ဘူး သုံးပေအကွာကနေ ကျောင်းလာခိုင်းတာတောင် ကျွန်မတို့လို လူနည်းတဲ့ကျောင်းမှာတောင် သိ်ပ်မဖြစ်နိုင်ဘူး။ ကျွန်မတို့ မြင်နိုင်တဲ့ လျှောက်လမ်း ဧရိယာလောက်ပဲ လုပ်နိုင်မှာလေနော်။ ကို်ယ်မမြင်နိုင်တဲ့နေရာဆိုရင် ပူးကပ်နေမှာပဲလေ။ ရပ်ဝေးက လာတဲ့ဆရာ၊ ဆရာမတွေကို မဲရုံစောင့်ဖို့ ကွာရန်တင်း ဝင်ခိုင်းတယ်။ ဆရာ၊ ဆရာမတွေက အားလုံး ရောဂါပိုးကင်းစင်တဲ့ သူတွေပဲ စောင့်မှာဆိုတော့ မဲလာထည့်မယ့် ပြည်သူတွေကိုကော ရောဂါပိုး ကင်းစင်ကြောင်း အတည်ပြုနိုင်အောင် ရွေးကောက်ပွဲမစခင် (၁၄)ရက် အလိုကနေဖြစ်ဖြစ်stay home ပုံစံလုပ်ပေးနိုင်ရင်တော့ အဆင်ပြေမယ်။ အဲ့ဆိုရင် ရွေးကောက်ပွဲပြီးလို့ ကိုဗစ် ပိုကူးလာတယ်ဆိုတာကိုလည်း လျှော့ချနိုင်မှာပေါ့။ နိုင်ငံ့ဝန်ထမ်းဖြစ်တဲ့အတွက် ဆရာ၊ ဆရာမတွေအားလုံးကတော့ ဒီတာဝန်ကို ငြင်းပယ်ကြမှာမဟုတ်ဘူး။ ကျေကျေနပ်နပ်နဲ့ လုပ်ကြမှာပဲ။ ရွေးကောက်ပွဲတိုင်းလည်း ဒီဆရာ၊ ဆရာမတွေပဲ ထမ်းဆောင်နေတာပဲဆိုတော့ ကိုယ့်တာဝန်ကိုယ်သိပြီး ထမ်းဆောင်မယ့် ဆရာ၊ ဆရာမတွေကို ရွေးကောက်ပွဲပြီးလို့ နောက်ဆက်တွဲ ကျန်းမာရေး စောင့်ရှောက်မှုတွေကို နိုင်ငံတော်အနေနဲ့လည်း ကြိုတင်ပြင်ဆင်ထားပေးစေချင် ပါတယ်”
ဦးစောမိုးလျန် (ကျောင်းအုပ်ကြီး-ဝိုင်းမော်မြို့နယ်)
“စိုးရိမ်မှုဆိုတာကတော့ ကိုရိုနာဗိုင်းရပ်စ်က လေကနေလည်း ကူးစက်နိုင်တာဆိုတော့လေ နည်းနည်းပါးပါးတော့ စိုးရိမ်တာပေါ့။ အခန့်မသင့်လို့ ကူးစက်ခဲ့ရင် ဘယ်ရှောင်လွှဲလို့ ရပါ့မလဲနော့်။ နိုင်ငံတော်တာဝန်ဆိုတော့လည်း ငြင်းပယ်လို့မရဘူးလေ။ ဝန်ထမ်းဆိုတော့ တာဝန်ကျေအောင်လုပ်ရမှာပဲ။ နိုင်ငံတော်က တာဝန်ပေးတယ်ဆိုတော့လည်း လေ။ တောင်းဆိုချင်တာတော့ မရှိပါဘူး။ ကိုယ့်နိုင်ငံကို ဘာလုပ်ပေးနိုင်မလဲပဲ စဉ်းစားတယ်။ ကျွန်တော်တို့ နိုင်ငံကလည်း အခုမှ ဒီမိုကရေးစီနိုင်ငံကို ထူထောင်နေတဲ့ အချိန်ကာလဆိုတော့ ကျွန်တော်တို့အားလုံးလည်း စည်းစည်းလုံးလုံး နဲ့ကြိုးစားမှ ဖြစ်မှာလေ။ ဒီရွေးကောက်ပွဲ ကော်မရှင်ကတော့ လက်ဆေးစင်တွေ အဝင်လမ်း အထွက်လမ်း၊ လုံခြုံရေးတွေကအစ ပြင်ဆင်ပေးဖို့၊ အခု အသက်ကြီးသူတွေကိုဆိုရင် ကြိုတင်မဲတွေပေးလို့ရတယ်လို့ ကြားတော့ ကြိုတင်မဲတွေ များများပေးနိုင်ရင်လည်း ကောင်းတာပေါ့။ ၂၀၁၅ ရွေးကောက်ပွဲမှာဆို လူအရမ်းများတယ်။ ဆိုတော့ အခုလည်း ခြောက်ပေအကွာလုပ်မယ်ဆိုရင်လည်း အုံကြပ်မနေအောင် သတိထားပြီး လုပ်စေချင်တယ်။ ကြီးကြပ်မှုအပိုင်းမှာလည်း ရပ်ကျေးက လူကြီးတွေကို တာဝန်ပေးပြီး ကောင်းကောင်း စောင့်ကြပ်ပေးရင် ကောင်းမယ်”
ဒေါ်အေးသန္တာအောင် (အလယ်တန်းပြ-မြစ်ကြီးနားမြို့နယ်)
“ဒါကနိုင်ငံတော်က ပေးအပ်တဲ့တာဝန်ဆိုတော့ မဖြစ်မနေထမ်းဆောင်ရမှာပေါ။ ကျန်းမာရေးဝန်ကြီးဋ္ဌာနကနေ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းတော့ လုပ်ရမှာပဲလေ။ ဒါကြောင့်မလို့ အခုချိန်ကစပြီးကြိုတင်ကာကွယ်ရမယ့် အရာတွေ လေ့လာထားရမယ်။ ဒါမှ ကိုယ့်ကိုယ်လည်း မကူးစက်အောင်၊ ကိုယ်ကတဆင့် သူများတွေလည်း ထပ်ပြီးမကူးစက်နိုင်အောင် လုပ်သလို ဖြစ်မှာပါ”