ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီ ၅ ခု USDP နဲ့မဟာမိတ်ဖွဲ့မယ်ဆိုတဲ့ သတင်းအမှား

ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီ ၅ ခု USDP နဲ့မဟာမိတ်ဖွဲ့မယ်ဆိုတဲ့ သတင်းအမှား
by -
Saw Thonya (NMG)

ညွန့်ပေါင်းအစိုးရဖွဲ့မယ်လို့ ကြွေးကြောထားတဲ့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီ ၅ ခုဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP နဲ့ မဟာမိတ်ဖွဲ့တာတို့၊ USDP ဆီက ပိုက်ဆံရယူပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တာတို့ရှိတယ်ဆိုပြီး ပြည်သူတွေ ကြားမှာ ပြောဆိုနေတာတွေဟာ သတင်းအမှားတွေသာဖြစ်တယ်လို့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေက ပြောပါတယ်။

ဆိုရှယ်မီဒီယာတွေကြားမှာဆိုရင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP နဲ့ မဟာမိတ်ဖွဲ့ထားတယ်ဆိုတဲ့စာတွေဟာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ပြန့်နှံ့နေပြီး အဲဒီစာပါ အကြောင်းအရာတွေဟာ မဟုတ်မှန်ဘူးဆိုတာကို CNLD ထုတ်ပြန်ချက်နဲ့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

ဒါအပြင် ဖုန်းနှင့် အင်တာနက်မရသည့် ဒေသတွေမှာလည်း မြေပြင်အနေအထားအရ ဒီလိုသတင်းအမှားတွေဟာ ပြည်သူတွေကြားမှာ ပြန်နှံ့နေပြီး လိုက်လံဖြေရှင်းနေရတဲ့ အနေအထားရှိတယ်လို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ကလည်း ပြောပါတယ်။

လက်ရှိပြန်နှံ့နေတဲ့ သတင်းအမှားတွေနဲ့ပတ်သက်ပြီး ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေရဲ့ တုန့်ပြန်ပြောဆိုမှုတွေကို ကြည့်ကြရအောင်ပါ။

ဦးငိုင်ဆာခ့် - ဥက္ကဋ္ဌ (ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD)

“ထန်တလန်မှာက ကျနော်တို့ အရင်က ရွေးကောက်ပွဲ ကော်မ ရှင်မှာ ရွေးကောက်ပွဲကော်မရှင် ပါတီတွေကို မတွေ့လို့ စာရေးတုန်းက တစ်ချို့လူတွေက အဲလိုစွတ်စွဲ ထားလို့ ကျနော်တို့ ပြန်ဖြေရှင်းထားတယ်။ အထူး သဖြင့် NLD က အဲဒါကို တိုက်တာ အထူးသဖြင့် ချင်းပါတီတစ်ခုတည်း မဟုတ်ဘူးထင်တယ် တိုင်းရင်းသားပါတီငယ်လေးတွေကို ဒီကြံ့ခိုင်ရေးနဲ့ ပေါင်းမယ်ဆိုပြီးမှ စစ်တပ်နဲ့ ပေါင်းမယ်ဆိုပြီးမှ အဲလိုသ တင်းတွေ အလိမ်အညာတွေဖြန့်တာများတယ် ဒီဖက်မှာ ချင်းတောင်ဖက်မှာတော့ ဘာဖြစ်လို့ လဲဆိုတော့ သူတို့က သူတို့အင်အားကောင်းအောင် သူတို့ရှင်းရှင်းပြောရရင် မဲအနေအထား မကောင်းဘူးဆိုရင်တော့ တိုင်းရင်းသားပါတီတွေ အားကောင်းလာတဲ့ အခါကျတော့ စစ်တပ်နဲ့ ပေးစားလိုက်ပေါ့နော ကြံ့ခိုင်ရေးနဲ့ ပေးစားလိုက်ဆိုရင် ပြည်သူလူထုကလည်း ဒီဖက်မှာ အွန်လိုင်းတွေ ကလည်း မရဘူး ဖုန်းလိုင်းတွေလည်း မရတဲ့အခါကျတော့ တစ်ချို့ပြည်သူတွေက ယုံတာပေါ့ ယုံတော့ သူတို့ မဲဆွယ်နေကြတာပဲ အဲဒါနဲ့ပေါ့နော။ အဲဒီအပေါ်မှာလည်း သူတို့ ဒီလိုမမှန်မကန် ပြောဆိုနေတာက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တော့ ကျနော်တို့ လိုက်ရှင်းနေရတာပေါ့လေ။ အဲလိုပေါ့နောရှိတယ်။”

ဦးကွမ်ဂေါင်အောင်ခမ်း - ဒု-ဥက္ကဋ္ဌ - ၂ (ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP)

“သတင်းအမှားဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဟာ ကျနော်တို့ ဘယ်ပါတီနဲ့မှ ကျနော်တို့က မဟာမိတ် လုပ်ထားခြင်း မရှိပါဘူး။ အတူလက်တွဲဆောင်ရွက်တာလည်း မရှိဘူး။ အဓိက ကျနော်တို့ လက်တွဲဆောင်ရွက်တယ် မဟာမိတ် လုပ်တယ်ဆိုတာ တိုင်းရင်းသား ပူးပေါင်းပါတီတွေနဲ့အတူ တခြားတိုင်း ရင်းသားတွေနဲ့ အတူတကွ လက်တွဲဆောင်ရွက်တာပဲရှိပါတယ်။ ဒါကြောင့်မို့လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပဲဖြစ်ဖြစ် NLD ပဲဖြစ်ဖြစ် ကျနော်တို့ မဟာမိတ်လည်း မလုပ်ထားပါဘူး။ ပူးပေါင်းဆောင်ရွက်တာလည်း မရှိပါဘူး။ အဓိကကတော့ ကျနော်တို့ တစ်ခြားပါတီတွေက ကျနော်တို့ကို ကြံ့ခိုင်ရေးနဲ့ ပူးပေါင်းဆောင်ရွက် နေတယ်။ သူတို့ဆီက ငွေယူတယ်ဆိုတဲ့ဟာမျိုးတွေပေါ့။ မဲဆွယ်စည်းရုံးတဲ့ နေရာမှာ ဒါမျိုးတွေက တွင် တွင်ကြီး ပြောနေတယ်ဆိုတော့ ကျနော်တို့လည်း ဒီဟာကို ဖြေရှင်းဖို့လိုတယ်။” 

နိုင်လယီတမက - အထွေထွေအတွင်းရေးမှူး - ၁ (မွန်ညီညွှတ်ရေးပါတီ MUP)

“လက်ရှိ အနေအထား မှာ မဲဆွယ်စည်းရုံးရေးကာလမှာ ကျနော်တို့ ပါတီက အားကောင်းတဲ့ မြို့နယ်တွေမျာ ပြိုင်ဖက် ပါတီအချို့ က ကျနော်တို့ ပါတီကို ဟိုပါတီနဲ့ ပေါင်းထားသလိုလို ဘယ်အဖွဲ့အစည်းနဲ့ မဟာမိတ် ပြုထားသ လိုလို ပြည်သူ ကြားမှာ ကျနော်တို့ ပါတီကို ထင်ယောင်ထင်မှား ဖြစ်အောင် ပြောနေတာ တွေရှိ တယ်။ ဒါက ရွေးကောက်ပွဲ အတွက်ကို ရည်ရွယ်ပြီးတော့ ကျနော်တို့ကို တိုက်ခိုက်လာတဲ့ အခြေအ နေ တွေ ရှိလာတာ အဲဒါကြောင့် ဘယ်သူပဲ ပြောသည်ဖြစ်စေ ကျနော်တို့က ဟိုအဖွဲ့နဲ့ ဒီအဖွဲ့နဲ့ မဟာမိတ် ပြုထားတယ်ဆိုတာ အဲဒီစကားကို ဘယ်ပါတီက ပြောသည်ဖြစ်စေ ဘယ်အဖွဲ့က ပြောသည်ဖြစ်စေ အဲဒီ စကားကို ကျနော်အနေနဲ့ ပယ်ချတယ်။ ကျနော်တို့က တိုင်းရင်းသား ပါတီတွေက လွဲရင် အခြား ဘယ်ပါ တီနဲ့မှ မဟာ မိတ် ဖွဲ့ထားတာ မရှိသေးပါဘူး။”

ဦးသဲရယ် - အတွင်းရေးမှူး ( ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP)

“အရင်တုန်းက သူတို့ လုပ်သွားတဲ့ ကိစ္စတစ်ခု ပေါ့လေ။ အဲဒါဘာလဲဆိုရင် ကာချုပ်နဲ့ တွေ့တဲ့အခါမှာ သူတို့က တစ်ခါတည်း အဲဒီပွဲကို တက်လာတဲ့ ပါတီတွေကို မဟာမိတ် လုပ်မယ်ဆိုတဲ့ ပုံစံမျိုး သူတို့ ဖန်တီးလာတဲ့အခါကျတော့ ကျနော်တို့ ပါတီတွေ အနေနဲ့လည်း လက်မခံဘူးပေါ့။ ကျနော်တို့ကတော့ လက်ရှိ အဲဒီကာချုပ်နဲ့ လာတွေ့ပြီးတော့မှ ပါလာတဲ့ ပါတီတွေနဲ့တော့ မဟာမိတ်လုပ်ဖို့ အခြေအနေ မရှိဘူးပေါ့။ ကျနော်တို့ ပါတီကတော့ အဓိက တိုင်းရင်းသား ပါတီနဲ့ပဲ မဟာမိတ် လုပ်မယ်ဆိုတဲ့ ကျနော်တို့ရဲ့ ပါတီသဘောထားလည်း အဲလိုရှိတဲ့အခါကျတော့ ဒါဒိအပြင်မှာတော့ ဘာမှမသိရဘူးပေါ့နော။ အဲဒီတစ်ခေါက်ကပဲ ကမ်းလှမ်းတာတော့ ရှိခဲ့ဖူးတယ်။ ဒါပေ မယ့် ကျနော်တို့တော့ လက်မခံပါဘူး။”

မန်းအောင်ပြည်စိုး - ဥက္ကဋ္ဌ ( ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP)

“ဒီသတင်းအမှားတွေကတော့ အရမ်းအရမ်းတော့ မယုံကြနဲ့လေ ကျနော်တို့ကို မေးမြန်းပြီးတော့မှ ဒါက လော်ဘီလုပ်တယ်လည်း ဖြစ်တယ်ပေါ့။ ဒီအချိန်ကတော့ ပိုပြီးတော့ လော်ဘီလုပ်ကြတာပေါ့ဗျား။ ကျနော်တို့ ခုနပြောသလိုပေါ့လေ သတင်းမီဒီယာတွေလည်း အရမ်းအရမ်း နားထောင်ပြီးတော့ မရေးမိ ဖို့တော့ လိုတာပေါ့ သေချာမေးမြန်းပြီး ပြောမှ ဒါအဖြစ်မှန်ကို ရေးသားဖော်ထုတ်ဖို့တော့ လိုတယ်ပေါ့လေ ခုနက ကျနော်တို့ကတော့ ပြည်ခိုင်ဖြိုးကတော့ ကျနော်တို့ဆီမှာ မလာပါဘူး။ လာပြီးတော့လည်း စည်းရုံး တာလည်း မရှိပါဘူး။”

လက်ရှိ ဆိုရှယ်မီဒီယာတွေမှာသာမက ဖုန်းနဲ့ အင်တာနက်လိုင်း မရရှိတဲ့ မဲဆန္ဒရှင်ပြည်သူတွေ အကြားမှာ ပြန့်နှံနေတဲ့ ပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီတွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP တို့ မဟာမိတ်ဖွဲ့တာတွေ၊ တိုင်းရင်းသားပါတီတွေက USDP ဆီက ပိုက်ဆံရယူပြီး ရွေး ကောက်ပွဲ ဝင်ရောက်ယှဉ် ပြိုင်တာ တို့ဆို တဲ့ သတင်းတွေဟာ သတင်းအမှားသာဖြစ်တယ်ဆိုတာကို သက်ဆိုင်ရာ ပါတီတွေက ပြောပြသွားတာကို ကြည့်ရင် သိနိုင်ပါတယ်နော။

ဒါကြောင့် သတင်းတွေကို ဆိုရှယ် မီဒီယာတွေကနေတစ်ဆင့်  ဖြန့်ဝေမယ် သို့မဟုတ် တစ်ယောက်ကို တစ်ယောက် ထပ်ဆင့် ပြောဆိုတော့မယ်ဆိုရင် ဒီသတင်းဟာ မှန်သလား မှားသလားဆိုတာကို သေချာ စဉ်းစားပြီးမှ ဆက်လက်ဖြန့် ဝေကြဖို့ အကြံပြုလိုက်ရပါတယ်ခင်ဗျား။

Most read this week

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...